အင်္ဂလန်ကနေ ပြန်လာရတဲ့ မက်ဂွိုင်းယား၊ ဂရင်းဝုဒ်ကို ခေါ်ချင်တဲ့ ဂျူဗီ၊ အန်တိုနီအတွက် အကူညီပေးသူနဲ့ နောက်ဆုံးရ မန်ယူ ထူးခြား သတင်းများ

အင်္ဂလန် နဲ့ မန်ယူ အသင်းနောက်ခံလူ မက်ဂွိုင်းယားဟာ ဒဏ်ရာပြဿနာကြောင့် အင်္ဂလန် အသင်းလေ့ကျင့်ရေးကွင်းကနေ ထွက်ခွာပြီး ကလပ်အသင်းဆီ ပြန်သွားပြီဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းကြီး အင်ဒီကိုးကတော့ လက်ရှိ မန်ယူ အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက် ကို သူရဲ့ စာချုပ်သက်တမ်းကာလအတိုင်း အသင်းမှာ ဆက်လက် ထားရှိသင့်တယ်လို့ အကြံပြု တိုက်တွန်းလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ နည်းပြအပြောင်းအလဲ လုပ်ဖို့ စဉ်းစားနေရာ သူတို့ရဲ့ နည်းပြလောင်းစာရင်းထဲမှာ ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ် ဖရန့်ကိုပါ ထည့်သွင်းထားကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်ကို လာမယ့် နွေဈေးကွက်မှာ ခေါ်ယူဖို့ အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ် က စိတ်ဝင်စားလာကြောင်း အင်္ဂလန် အခြေစိုက် သတင်းတွေက ဖော်ပြလာကြပါတယ်။

ဂီတာဖေးမှာ ခြေစွမ်းပြနေတဲ့ ဂရင်းဝုဒ်ကို မန်ယူဘက်က အသင်းဆီ ပြန်ခေါ်ဖို့ထက် လာမယ့် နွေဈေးကွက်မှာ သင့်တော်တဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ရောင်းချဖို့သာ စဉ်းစားထားပြီး ပြောင်းရွှေ့ကြေး ယူရို သန်း ၄၀ ဝန်းကျင် လိုချင်နေပါတယ်။

မန်ယူ ပြောင်းလာပြီးနောက် ခြေစွမ်း မပြနိုင်လို့ ဝေဖန်မှုတွေ များစွာ ခံနေရတဲ့အချိန်မှာ သူ့ကိုအကောင်းဆုံးကူညီသူက ဒါလော့ဖြစ်ပြီး ဒါလော့ကသူ့အတွက် သူငယ်ချင်းထက် ပိုကြောင်း အန်တိုနီက ထုတ်ဖော် ပြောကြားခဲ့ပါတယ်။