ပြောခံနေရတဲ့ အိုဒွိုင်း၊ ထွက်ခွင့်ရဖွယ် ရှိတဲ့ ဇီယက်၊ ဂယ်လင်ဟာ စိုးရိမ်မှုနဲ့ ယနေ့ ချဲလ်ဆီး သတင်းများ

ပရီးမီးယားလိဂ် တိုက်စစ်မူှးဟောင်း ကီဗင်ဖီးလစ်က နော့ဝှစ်ချ်မှာ ရုန်းကန်နေရတဲ့ ချဲလ်ဆီးကြယ်ပွင့် ဂယ်လ်မောအနေနဲ့ လိဒ်စ်ကို ပြောင်းရွှေ့သင့်ကြောင်း၊ ဘီယက်ဆာရဲ့ ကစားပုံက ဂယ်လ်မောနဲ့လိုက်ညီမှုရှိကြောင်း တိုက်တွန်းခဲ့ပါတယ်။

အင်္ဂလန်ယူ-၂၁ အသင်းမှာ ကစားဖို့ ငြင်းဆန်ခဲ့တဲ့ ချဲလ်ဆီးလူငယ်ကြယ်ပွင့် အိုဒွိုင်းကို မန်စီးတီး ကစားသမား ဟောင်း ဆင်ကလဲယားက ဝေဖန်ခဲ့ပါတယ်။ အိုဒွိုင်းရဲ့လုပ်ရပ်ဟာ သေးသိမ်ရာကျကြောင်း၊ အိုဒွိုင်း အနေနဲ့ ကိုယ့်လုပ်ရပ်ကိုယ် ပြန် သုံးသပ်သင့်ကြောင်း ဆင်ကလဲယားက ဆိုခဲ့တာပါ။

ခရစ္စတယ် ပဲလေ့စ်မှာ အငှားကစားနေတဲ့ အင်္ဂလန်နဲ့ ချဲလ်ဆီး လူငယ်ကြယ်ပွင့် ဂယ်လင်ဟာက လာမဲ့ရာသီမှာ ချဲလ်ဆီး ပထမအသင်းမှာ နေရာ မရမှာ စိုးရိမ်လျက် ရှိနေပါတယ်။

ချဲလ်ဆီး ကွင်းလယ်လူ ဘာကလေအနေနဲ့ အကောင်းဆုံးပုံစံ ပြန်ရအောင် အသင်းဟောင်း အဲဗာတန်အသင်းထံ ပြန်လည်ပြောင်းရွှေ့သင့်ကြောင်း ဝီလန်း က တိုက်တွန်းလိုက်ပြီး ဘာကလေဟာ နိုင်လိုစိတ် ပြင်းပြသူဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ချဲလ်ဆီး အသင်းဟာ ဘာစီလိုနာအနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ ဇီးယက်ချ်ကိုခေါ်ယူဖို့ ကမ်းလှမ်းခဲ့မယ်ဆိုရင် လက်လွှတ်ပေးသွားမှာ ဖြစ်ပါတယ်။ ဘာစီနည်းပြ ဇာဗီအနေနဲ့ဇန်နဝါရီမှာ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ စီစဉ်နေပြီး ဇီးယက်ချ်ကို အငှားနဲ့ ခေါ်လိုနေတာပါ။

ချဲလ်ဆီး ဂိုးသမား မန်ဒီကတော့ မန်စီးတီးနောက်ခံလူ မန်ဒီရဲ့ မုဒိန်းမှု သတင်းကို ရေးသားကြရာမှာ သူ့ပုံကို မှားယွင်းဖော်ပြခဲ့တဲ့ မီဒီယာတွေကို ဝေဖန်ခဲ့ပါတယ်။ မန်ဒီဟာ အသက်မပြည့်သေးတဲ့အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့မှုနဲ့ ရင်ဆိုင်နေရတာပါ။

ချဲလ်ဆီးဂိုးသမား ကီပါက အသင်းမှာ ပွဲထွက်ခွင့် နည်းပါးနေခြင်းနဲ့ ပတ်သက်ပြီး “မကစားရတဲ့အခါ ခက်ခဲတာပေါ့။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ နေ့ရက်တိုင်း ကြိုးပမ်းနေပါတယ်။ အခွင့်အရေးရလာတဲံအခါ အမိအရဖမ်းဆုပ်နိုင်ဖို့က အရေးပါဆုံးပါ” လို့ ဖွင့်ဟခဲ့ပါတယ်။