ဂျူဗီရဲ့ ဘရာဇီး နောက်ခံလူ ကို စာချုပ်ဖျက်သိမ်းကြေး အတိုင်း ပေးကာ ခေါ်ယူဖို့ မန်ယူအသင်း စီစဉ်နေ

မန်ချက်စတာ ယူနိုက်တက် ဟာ ဂျုဗင်တပ်စ်အသင်းရဲ့ ဘရာဇီးလ် ခံစစ်ကစားသမား ဂလေဆွန် ဘရီမာကို ခေါ်ယူဖို့ စာချုပ်ဖျက်သိမ်းကြေး အတိုင်း ကမ်းလှမ်းရန် စီစဉ်နေကြောင်း သတင်းထွက်လာပါတယ်။

အီတလီ အခြေစိုက် သတင်းတွေ အဆိုအရ မန်ယူအသင်းဟာ ဘရီမာ ရဲ့ စာချုပ်ဖျက်သိမ်းကြေးဖြစ်တဲ့ ပေါင် (၅၁)သန်းနဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

မန်ယူနိုက်တက်အသင်းဟာ လာမယ့်နွေမှာ အသင်းရဲ့ ဗဟိုခံစစ်မှူးတွေဖြစ်တဲ့ ဗာရန်းနဲ့ မက်ဂွိုင်းယားတို့နဲ့ လက်တွဲဖြုတ်ရဖွယ် ရှိနေတဲ့အပြင် အီဗန်စ်ကလည်း ဘောလုံးသမားဘဝကနေ အနားယူတော့မှာဖြစ်လို့ ခံစစ်ပိုင်းကို အင်အားဖြည့်တင်းမှုတွေ အသေအချာ လုပ်ဆောင်ရဖွယ် ရှိနိုင်ပါတယ်။

ဒီကစားသမား (၃)ဦးကို လက်လွတ်လိုက်ရမယ်ဆိုရင် ယူနိုက်တက်ရဲ့ ဗဟိုခံစစ်မှာ လီဆန်ဒရို မာတီနက်ဇ် ၊ လင်ဒီလော့ဖ်နဲ့ လူငယ် ကစားသမားလေး ကမ်ဘွာလာတို့သာ ကျန်ရှိတော့မှာဖြစ်လို့ ဗဟိုခံစစ်ပိုင်းအတွက် ကစားသမားသစ် (၂)ဦးခန့်လောက်အထိ ခေါ်ယူသွားရနိုင်ပါတယ်။

လတ်တလောမှာတော့ ယူနိုက်တက်ဟာ အဲဗာတန် ခံစစ်မှူး ဘရန့်ဝိတ်၊ ဘင်ဖီကာ နောက်ခံကစားသမား ဆေးလ်ဗားနဲ့ ဂျုဗင်တပ်စ် နောက်ခံလူ ဘရီမာတို့ကို ပစ်မှတ်ထားနေလျက် ရှိပါတယ်။ ဒီကစားသမားထဲမှာ အသက်အရွယ်နဲ့ အတွေ့အကြုံပိုင်းအရ အကောင်းဆုံး ဖြစ်နေတဲ့ ဘရီမာကို ယူနိုက်တက်က အတော်လေး အလိုရှိနေပါတယ်။

အသက် (၂၇)နှစ်အရွယ် ဘရာဇီးလ် လက်ရွေးစင် ဗဟိုခံစစ်မှူး ဘရီမာဟာ ၂၀၁၈လောက်ကတည်းက တိုရီနိုအသင်းနဲ့အတူ အီတလီ စီးရီးအေပြိုင်ပွဲဆီ စတင် ရောက်ရှိနေခဲ့တာဖြစ်ပြီး ၂၀၂၂ မှာတော့ ဂျုဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့ ရောက်ရှိလာခဲ့ပါတယ်။ အခုဆိုရင်တော့ ဘရီမာက ဂျုဗင်တပ်စ်ရဲ့ အမာခံ ကစားသမားတစ်ဦးပါ ဖြစ်နေရပါတယ်။

ဒီရာသီမှာ ဂျုဗင်တပ်စ်အတွက် စီးရီးအေ ပွဲတိုင်းနီးပါးအထိ ပါဝင်ကစားနေရတဲ့ ဘရီမာကို ဂျုဗင်တပ်စ်ဘက်က မရောင်းထုတ်ချင်ပေမယ့်လည်း ဘဏ္ဍာရေး အခြေအနေတွေကြောင့် စာချုပ်ဖျက်သိမ်းကြေးအတိုင်းသာ ကမ်းလှမ်းလာမယ်ဆိုရင် ရောင်းထုတ်သွားရနိုင်ပါတယ်။