ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ မန်ချက်စတာ ယူနိုက်တက်တို့ ဘယ်လို သရေကျသွားခဲ့သလဲ

ဒီနေ့ နံနက် အစောပိုင်းက ကစားခဲ့တဲ့ ဘရန်းဖို့ဒ်နဲ့ မန်ယူတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ အချိန်ပို သွင်းဂိုးတွေနဲ့ ၁-၁ ဆိုတဲ့ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

ဘရန့်ဖို့ဒ် အိမ်ကွင်းမှာ ကစားခက်တဲ့ ထုံးစံအတိုင်း မန်ယူအသင်းဟာ ဒီနေ့ပွဲမှာ ဘရန့်ဖို့ဒ်ကို ထိမ်းချုပ်နိုင်ဖို့ အတော်လေး ခက်ခဲနေခဲ့ရပြီး အိမ်ရှင် ဘရန်းဖို့ဒ်ကသာ အခွင့်အရေး အတော်များများ ဖန်တီးနိုင်ခဲ့ပါတယ်။

အဆင့် ၄ အတွင်း ဝင်ရောက်နိုင်ဖို့ ရမှတ်တွေ စုဆောင်းရဖို့ ရှိနေတဲ့ မန်ယူအသင်းအတွက် ယခုတစ်ခေါက် သရေ ရလဒ်က ၎င်းတို့ မျှော်လင့်ထားတဲ့ ရလဒ်မျိုး မဟုတ်ခဲ့ပဲ အသင်းနည်းပြ တန်ဟတ် အတွက်လည်း ဖိအားပိုမို မြင့်တက်လာစေခဲ့ပါတယ်။

နိုင်ငံတကာပွဲစဉ်အပြီး ပထမဆုံး ပွဲစဉ်မှာ မန်ယူအသင်းအတွက် ကစားသမားအတော်များများ စုံစုံလင်လင် ပါဝင်ကစားပေးနိုင်ခဲ့ပြီး ဟော့ဂျ်လန်း၊ ဂနာချို၊ ရက်ရှ်ဖို့ဒ်၊ ဖာနန်ဒက်စ် စတဲ့ အဓိက တိုက်စစ်အစုအဖွဲ့အပါအဝင် ကွင်းလယ်ပိုင်းမှာတော့ မိန်နိုးနဲ့ တော်မီနေးတို့ ပွဲထွက်လာခဲ့ကြပါတယ်။

ဒါပေမယ့် ဘရန့်ဖို့ဒ်အသင်းရဲ့ ကွင်းလယ်ပိုင်းနဲ့ တိုက်စစ်ပိုင်းက ပိုမို အလုပ်ဖြစ်ခဲ့ပြီး မန်ယူအသင်းဂိုးသမား အိုနာနာရဲ့ နေရာယူ မှန်မှုတွေကြောင့်သာ မန်ယူတို့ ပထမပိုင်းမှာ ဂိုးမပေးခဲ့ရတာ ဖြစ်ပါတယ်။

ဘရန့်ဖို့ဒ်အသင်းကတော့ ဒီနေ့ပွဲမှာ အတက်အဆင်းမှန်မှန်နဲ့ မန်ယူအသင်းထက် ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသခဲ့တဲ့ ဘရန့်ဖို့ဒ် နည်းပြ သောမက်စ်ဖရန့်ခ်ကို စောင့်ကြည့်နေတဲ့ မန်ယူအသင်း တာဝန်ရှိသူတွေအတွက် ထပ်မံစောင့်ကြည့်ခဲ့ရတဲ့ပွဲလည်း ဖြစ်ခဲ့ပါတယ်။

ယနေ့ပွဲမှာ ပထမပိုင်း နဲ့ ဒုတိယပိုင်းအတွင်း နှစ်သင်းစလုံး ဂိုးမသွင်းနိုင်ခဲ့ကြပဲ အချိန်ပို ၉၆ မိနစ် အရောက်မှသာ လူစားဝင် ကစားသမား မေဆွန်မောင့်က မန်ယူအသင်းအတွက် အဖွင့်ဂိုး စတင် သွင်းယူပေးနိုင်ခဲ့ပေမယ့် အာဂျားက တိုနေးရဲ့ ဖန်တီးပေးမှုမှတစ်ဆင့် ၉၉ မိနစ်မှာ ချေပဂိုးသွင်းယူခဲ့တာကြောင့် ပွဲက ၁-၁ နဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။

လက်ရှိ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေတဲ့ မန်ယူအသင်းဟာ အဆင့် ၄ နေရာမှ ဗီလာထက် ရမှတ် ၁၁ မှတ်အထိ လျော့နည်းသွားခဲ့ပြီ ဖြစ်တာကြောင့် ယခုရာသီ ချန်ပီယံလိဂ် ဝင်ခွင့်က ပိုမို ဝေးကွာသွားခဲ့ပြီး ယခုလာမယ့် ပွဲစဉ်ကလည်း ချဲလ်ဆီးနဲ့ ဖြစ်နေတာကြောင့် တန်ဟတ်ဂ်အတွက် ပိုမို ဖိအားများစေဦးမှာ ဖြစ်ပါတယ်။