ဘရန့်ဖို့ဒ်နဲ့ ပွဲမှာ ၂ မှတ် ဆုံးတဲ့ အပြင် ကစားသမား ၂ ယောက်ပါ နာသွားလို့ ဒဏ်ရာပြဿနာတွေ ထပ်တိုးသွားတဲ့ မန်ယူအသင်း

မန်ချက်စတာယူနိုက်တက်ဟာ ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ခဲ့တဲ့ပွဲစဉ်မှာ အသင်းရဲ့နောက်ခံလူတွေဖြစ်တဲ့ ရာဖေးလ် ဗာရန်း နဲ့ ဗစ်တာလင်ဒီလော့ဖ်တို့ ဒဏ်ရာအသီးသီးရခဲ့တာကြောင့် ကြံ့ခိုင်မှုပြဿနာတွေနဲ့ ထပ်မံကြုံတွေ့လာရပြန်ပါတယ်။

ဗာရန်း ဟာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ပွဲချိန်ဒုတိယပိုင်းရဲ့ အစောပိုင်းမှာပဲ လူစားလဲခံခဲ့ရတာဖြစ်ပြီး နောက်ပိုင်းမှာတော့ လင်ဒီလော့ဖ်ကလည်း ဒဏ်ရာကြောင့် လီဆန်ဒရိုမာတီနက်ဇ်နဲ့ လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။

လက်ရှိယူနိုက်တက်ရဲ့နောက်တန်းဟာ ဒဏ်ရာပြဿနာတွေနဲ့ ဆက်တိုက်ဆိုသလိုကြုံတွေ့နေရပြီး ယခုပွဲစဉ်မတိုင်ခင် ဒဏ်ရာရကစားသမားစာရင်းမှာ လုခ်ရှောနဲ့ တိုင်ရဲလ်မာလာစီယာတို့ ရှိနှင့်နေပြီးသားဖြစ်ပါတယ်။

ဒါ့အပြင် တိုက်စစ်မှူး အန်တိုနီမာရှယ်ကလည်း ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရတာဖြစ်ပါတယ်။ သို့သော် လက်ရှိ ဗာရန်း ရဲ့ဒဏ်ရာက ပြင်းထန်ခြင်းမရှိဘူးလို့ ပွဲအပြီးမှာ အသိပေးခဲ့ပါတယ်။

ယခု ဘရန့်ဖို့ဒ်ကို ၁-၁ နဲ့သရေကျခဲ့တဲ့ပွဲစဉ်ဟာ တန်ဟက်အတွက်တော့ စိတ်ပျက်စရာပွဲစဉ်ဖြစ်ခဲ့ပြီး ယူနိုက်တက်ဟာ ကစားသမား ၂ ယောက်ဆုံးရှုံးခဲ့ရုံသာမက ရမှတ် ၂ မှတ်လည်း ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

ယခုပွဲစဉ်မှာ ဦးဆောင်ဂိုးစတင်ရရှိခဲ့တာက ယူနိုက်တက်ဖြစ်ပြီး ဒဏ်ရာပြဿနာနဲ့ ကာလရှည်ရုန်းကန်ခဲ့ရတဲ့ ကွင်းလယ်လူ မေဆင်မောင့်က ပွဲပြီးကာနီး အချိန်ပို ၉၀+၆ မိနစ်မှာ အိုးလ်ထရက်ဖို့ဒ်အသင်းအတွက် သူ့ရဲ့ယူနိုက်တက်ကစားသမားဘဝ ပထမဆုံးသော ဂိုးအဖြစ်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ပွဲပြီးကာနီးမှ ဦးဆောင်ဂိုးရခဲ့သော်လည်း တန်ဟက်ရဲ့အသင်းဟာ အနိုင်ရလဒ်ကို ထိန်းသိမ်းနိုင်စွမ်းမရှိခဲ့ဘဲ ၃ မိနစ် အကြာမှာပဲ ချေပဂိုးပြန်လည်ခွင့်ပြုခဲ့ရတာကြောင့် သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရပါတာဖြစ်ပါတယ်။

သရေပွဲကြောင့် ယူနိုက်တက်ဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာမှာ ဆက်လက်ရပ်တည်နေပြီး အဆင့် ၅ နေရာက တော့တင်ဟမ်နဲ့ ၈ မှတ်အထိကွာဟသွားခဲ့ပါတယ်။

လာမယ့် ကြာသပတေးနေ့မှာတော့ ယူနိုက်တက်ဟာ နောက်ထပ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ချဲလ်ဆီးကို စတန်းဖို့ဒ်ဘရစ်ချ်မှာ သွားရောက် ရင်ဆိုင်ရမှာဖြစ်ပြီး အနိုင်ရလဒ်ကိုပုံဖော်နိုင်ဖို့ လိုအပ်နေပါတယ်။

ချဲလ်ဆီးအသင်းကလည်း လက်ရှိအမှတ်ပေးဇယားရဲ့အဆင့် ၁၁ နေရာမှာရပ်တည်နေပြီး ယူနိုက်တက်နဲ့ ရမှတ် ၈ မှတ်အထိကွာဟနေပါတယ်။
.