အမ်ဘာပေကို မခေါ်နိုင်ပေမယ့် ဘာပေ လက်သစ်ကို ခေါ်ယူဖို့ အခြေအနေ ကောင်းနေတဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ လိဂ် ၁ ကလပ် ပေါ့ဗေလ်မှ ပါရမီရှင် အင်္ဂလန်လူငယ်တိုက်စစ်မှူး ဘေလီး ဒီပီပါကို ခေါ်ယူနိုင်ရန် အခြေအနေကောင်းလျက် ရှိနေပါတယ်။

ယူနိုက်တက် ပူးတွဲပိုင်ရှင် ဆာဂျမ်ရက်ကလစ်ဖ်ဟာ စူပါစတားကစားသမားများကို ခေါ်ယူရေးထက် လူငယ်ပါရမီရှင်များကို ပြုစုပျိုးထောင်ဖို့ စီစဉ်နေတာ ဖြစ်ပြီး သူ့အစီအစဉ်ထဲမှာ ကိုင်လီယန် အမ်ဘာပေ လက်သစ်လို့ နာမည်ကြီးနေတဲ့ ဒီပီပါလည်း ပါဝင်နေပါတယ်။

အသက် ၁၇ နှစ်ရှိ ဒီပီပါဟာ ယခုလ အင်္ဂလန်ယူ-၁၇ အသင်းရဲ့ ပွဲ ၂ ပွဲမှာ ပါဝင်ကစားခွင့်ရခဲ့သူ ဖြစ်ပြီး ယူနိုက်တက်ဘက်က အပြောင်းအရွှေ့အား အမြန်ဆုံးအပြီးသတ်လိုနေပါတယ်။

သူဟာ မြောက်အိုင်ယာလန်နှင့် ယူရို ခြေစစ်ပွဲမှာ ၂ ဂိုးသွင်းခဲ့ပြီးနောက် ဟန်ဂေရီနှင့်ပွဲမှာလည်း ၂ ဂိုးဆက်သွင်းနိုင်ခဲ့ပါတယ်။

သူဟာ ပေါ့ဗေလ် ပထမအသင်းမှာလည်း ကစားခွင့် ရရှိနေသူ ဖြစ်ပါတယ်။ ယူနိုက်တက်ကင်းထောက်များဟာ ဒီပီပါကို အခြားကလပ်များထက် လက်ဦးမှု ရရှိအောင် ခေါ်ဆောင်နိုင်ရေး လုပ်ဆောင်ထားနိုင်ပါတယ်။

တကယ့် ပြင်သစ် ကြယ်ပွင့် တိုက်စစ်မှုး အမ်ဘာပေ ကတော့ ပရီးမီးယားလိဂ်ဘက် ပြောင်းလာဖို့ထက် လာမယ့် နွေမှာ ရီးရဲလ်မက်ဒရစ်ထံ သွားဖို့ သေချာနေပြီ ဖြစ်ပါတယ်။