တန်ကြေး အဆိုးဝါးဆုံး ထိုးကျသွားတဲ့ ကစားသမား ၁ဝ ဦး စာရင်းမှာ မန်ယူ အသင်းသား ၄ ဦးထိ ပါဝင်

လက်ရှိ ဈေးကွက်ထဲ ပြောမှာင်းရွှေ့ကြေးတန်ဖိုး ဆိုးဆိုးရွားရွား ကျဆင်းသွားတဲ့ ထိပ်ဆုံး ကစားသမား ၁၀ ဦးစာရင်းမှာ မန်ချက်စတာယူနိုက်တက်က ၄ ဦးအထိ ပါဝင်ခဲ့ပါတယ်။

ဒီရာသီမှာ ယူနိုက်တက်အသင်းဟာ စိတ်ပျက်စရာကောင်းလောက်အောင် ရုန်းကန်နေရသလို အခုလောလောဆယ် ပရီးမီးယားလိဂ်မှာ အဆင့် ၆ နေရာ ရပ်တည်နေပါတယ်။

FA ဖလားပြိုင်ပွဲမှာလည်း လီဗာပူးလ်ကို ကံကောင်းပြီးတော့ ၄-၃ ဂိုးနဲ့အနိုင်ရခဲ့လို့သာ ယူနိုက်တက်တို့ ဆီမီးဖိုင်နယ်တက်ခွင့်ရရှိခဲ့တာဖြစ်ပြီး ဖလားမျှော်လင့်ချက်အဖြစ် FA တစ်လုံးသာ ကျန်ပါတော့တယ်။

ဒါ့အပြင် ယူနိုက်တက်အသင်းဟာ လာမဲ့ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မသေချာတော့ဘဲ အဆင့် ၅ နေရာက စပါးအသင်းနဲ့ ၈ မှတ်၊ အဆင့် ၄ နေရာက အက်စတွန်ဗီလာနဲ့ ၁၁ မှတ်အထိ ကွာဟနေပြီဖြစ်ပါတယ်။

ဒီရာသီမှာ ယူနိုက်တက်အသင်းရဲ့ လူငယ်ကစားသမားတွေဖြစ်ကြတဲ့ ကိုဘီမင်နူး၊ ဂါနာချို၊ ဟွိုင်လန်းတို့ဟာ ပုံစံကောင်းပြသနိုင်ပေမဲ့ ခြေစွမ်းမပြနိုင်တဲ့ တခြားနာမည်ကျော်တွေလည်းရှိပါတယ်။

Transfermarkt က ၂၀၂၃ ဇူလိုင် ၁ ရက်ကနေ ဒီနေ့အထိ ကမ္ဘာတစ်ဝန်းက ဘောလုံးသမားတွေရဲ့ လက်ရှိ ပြောင်းရွှေ့ကြေးတန်ဖိုးကို တွက်ချက်ဖော်ပြခဲ့ပြီး ယူနိုက်တက်တောင်ပံတိုက်စစ်ကစားသမား အန်တိုနီဟာ ဈေးကွက်ပေါက်ကြေး ပေါင် ၂၃ သန်းသာ ရှိတော့တာကြောင့် အဆိုးရွားဆုံး တန်ဖိုးကျဆင်းသွားတဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ အန်တိုနီကို ပေါင် ၈၆ သန်းအထိ အသုံးပြုခေါ်ယူခဲ့ရပြီး ပေါ့ဘာပြီးရင် အသင်းရဲ့ဒုတိယမြောက်ကြေးအကြီးဆုံးဖြစ်ခဲ့ပေမဲ့ အန်တိုနီဟာ အခုအချိန်အထိ ပြောင်းရွှေ့ကြေးနဲ့ထိုက်တန်တဲ့ စွမ်းဆောင်ရည် မပြသနိုင်သေးပါဘူး။

ယူနိုက်တက်တိုက်စစ်ကစားသမားတစ်ဦးဖြစ်သူ ရပ်ရှ်ဖို့ဒ်ကလည်း အရင်က ဈေးကွက်ပေါက်ကြေး ပေါင် ၆၈ သန်းအထိရှိခဲ့ပေမဲ့ အခုအချိန်မှာ ပေါင် ၅၁ သန်းသာ တန်ကြေးရှိပါတော့တယ်။

Transfermarkt ရဲ့စာရင်းမှာ မေဆင်မောင့်၊ ဒေ့ါမွန်အသင်းမှာ အငှားနဲ့ကစားနေတဲ့ ဆန်ချိုတို့လည်း ပါဝင်ခဲ့ကြပြီး ထူးခြားတာက ဘာစီလိုနာလူငယ်ကြယ်ပွင့် ပတ်ဒရီဟာ ပေါင် ၈၅ သန်းကနေ အခု ပေါင် ၆၈ သန်းကို ကျဆင်းသွားတာပဲဖြစ်ပါတယ်။