ဒီရာသီ အသင်းကို အမှတ်လျော့ပြီး ကံဆိုးစေတဲ့ အဝေးကွင်း ဂျာစီကို မန်ယူ လုံးဝ ထပ် မဝတ်တော့ပါဘူး
မန်ချက်စတာယူနိုက်တက်ဟာ ရိုးရှင်းတဲ့ အကြောင်းပြချက်တစ်ခုကြောင့် အစိမ်းရောင် စင်းကြား အဝေးကွင်းဝတ်စုံအား ရာသီလက်ကျန်ပွဲစဉ်များကို ဝတ်ဆင်လာတော့မှာ မဟုတ်ပါဘူး။
ပြီးခဲ့တဲ့ စနေနေ့တုန်းက ယူနိုက်တက်ဟာ ယခုရာသီ ၁၄ ပွဲမြောက် အမှတ်ဆုံးရှုံးရမှုအဖြစ် ဘရန့်ဖို့ဒ်နှင့် တစ်ဂိုးစီသရေကျခဲ့ပါတယ်။

ယူနိုက်တက်ဟာ ၉၆ မိနစ်မှာ မေဆင်မောင့် သွင်းယူတဲ့ ဂိုးဖြင့် အနိုင်ရပြီလို့ ယူဆခဲ့ရပြီးမှ အေဂျာရဲ့ နောက်ဆုံးကန်ချက်ဂိုးကြောင့် ၁ ဂိုးစီ သရေကျခဲ့တာလည်း ဖြစ်ပါတယ်။
ထိုပွဲမှာ ယူနိုက်တက်ဟာ အစိမ်းရောင်နှင့် အဖြူရောင်အစင်းပါ အဝေးကွင်းဝတ်စုံအား နောက်ဆုံးအနေဖြင့် ဝတ်ဆင် ကစားသွားခဲ့ပါတယ်။
ယင်းအစိမ်းရောင်ဝတ်စုံက ကလပ်ကို ကိုယ်စားပြုတဲ့ အရောင်မဟုတ်တာနဲ့အညီ ပရိသတ်တွေ သဘောမကျတဲ့ ဝတ်စုံလည်း ဖြစ်ပါတယ်။ ပရိသတ်အချို့ကလည်း ယင်းအစိမ်းရောင်ဝတ်စုံက အသင်းအတွက် ကံဆိုးစေတယ်လို့လည်း ယုံကြည်နေကြပါတယ်။
Daily Mail သတင်းစာရဲ့ ဖော်ပြမှုအရ ယူနိုက်တက်ဟာ ရာသီလက်ကျန်ပွဲများမှာ ယင်း အစိမ်းရောင်အဝေးကွင်းဝတ်စုံကို ဝတ်ဆင်ကစားလာတော့မှာ မဟုတ်ကြောင်း သိရပါတယ်။
ယူနိုက်တက်ဟာ ချဲလ်ဆီး၊ ဘရိုက်တန်တို့နှင့် ပရီးမီးယားလိဂ်ပွဲများအပြင် ကိုဗင်ထရီနှင့် ရင်ဆိုင်ရမဲ့ အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲစဉ်များကို ဝတ်စုံတိုက်ဆိုင်မှု မရှိမှုနှင့်အတူ အိမ်ကွင်း အနီရောင်ဝတ်စုံကိုပဲ ဝတ်ဆင်လာပါမယ်။
ယူနိုက်တက်ဟာ ဘုန်းမောက်၊ ခရစ္စတယ်ပဲလေ့စ်တို့နှင့် အဝေးကွင်းပွဲစဉ်မှာလည်း အစိမ်းရောင်ဝတ်စုံမှာ အိမ်ရှင်အသင်း အိမ်ကွင်းဝတ်စုံနှင့် တိုက်နေမှုနှင့်အတူ အဖြူရောင် တတိယဝတ်စုံကိုပဲ ဝတ်ဆင်လာပါမယ်။
ယူနိုက်တက်အတွက် ယင်းအစိမ်းရောင်ဝတ်စုံက ကံဆိုးမှုတွေ ယူလာတဲ့ ဝတ်စုံဆိုရင်တောင် ယူနိုက်တက်အနေဖြင့် လာမယ့် ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရေး ထိပ်ဆုံး ၄ သင်းစာရင်းဝင်ဖို့ မဖြစ်နိုင်တော့တဲ့ အနေအထားမျိုးမှာ ရှိနေပါတယ်။
အဲရစ်တန်ဟက်ရဲ့ ယူနိုက်တက်ဟာ ယခုရာသီမှာ ပရီးမီးယားလိဂ်ပွဲ ၁၁ ပွဲ ရှုံးနိမ့်ထားပြီ ဖြစ်ပါတယ်။ တကယ်လို့များ လက်ကျန်ပွဲတွေမှာ နောက်ထပ် ၂ ပွဲ ထပ်မံ ရှုံးနိမ့်လာမယ်ဆိုရင်တော့ တစ်ရာသီအတွင်း ၁၃ ပွဲအထိ ရှုံးနိမ့်တဲ့ မကြုံဖူးတဲ့ မလိုချင်တဲ့ စံချိန်ဆိုးတစ်ခု ပိုင်ဆိုင်လာပါဦးမယ်။