ချဲလ်ဆီးကို အကြိတ်အနယ် ယှဉ်ခဲ့ပေမယ့် သရဲနီတို့ စတန်းဖို့ဘရစ်ချ်မှာ ကြေကွဲခဲ့ရတဲ့ ပွဲနဲ့ မန်ယူ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက် အခြေအနေ
မနေ့ညက ကြာသပတေးနေ့ညက ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အိမ်ရှင်တွေဟာ ကိုး ပါလ်မာရဲ့ ဟက်ထရစ် သွင်းဂိုးကြောင့် ၄-၃ နဲ့ အနိုင်ရခဲ့ပါတယ်။
ရာသီကုန် ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ ကြိုးစားနေတဲ့ မန်ချက်စတာယူနိုက်တက်တို့အတွက် ဒီရှုံးပွဲက အတော်လေး ရှုံးချက်နာခဲ့ပြီး ချဲလ်ဆီးကို နောက်ကနေ ဂိုးတွေ ပြန်လိုက်သွင်းပြီးတော့ ဦးဆောင်ထားနိုင်ပြီးမှ အချိန်ပို သွင်းဂိုးတွေကြောင့် ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။

ဖိအားတွေအောက် ရောက်နေတဲ့ နည်းပြ ပိုချက်တီနိုအတွက်တော့ ဒီနိုင်ပွဲက ထင်မှတ်မထားတဲ့ အခြေအနေကနေ ရယူနိုင်ခဲ့တာကြောင့် ချိုမြိန်တဲ့ အနိုင်ရလဒ်တစ်ခု ဖြစ်စေခဲ့ပြီး ဖိအားတွေ အတန်အသင့် လျော့ပါးသွားစေခဲ့တာတော့ အမှန်ပါပဲ။
ချဲလ်ဆီးဟာ ပထမပိုင်း ၄ မိနစ်မှာပဲ ကော်နာ ဂယ်လေဂါက မာလို ဂူစတို ညာတောင်ပံကနေ ဖြတ်တင်လိုက်တဲ့ ဘောလုံးက လူထိ လမ်းကြောင်း ပြောင်းပြီး တန်းတန်းမတ်မတ် ရောက်လာတာကို အမှားအယွင်းမရှိ ကန်သွင်းယူပြီး ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
၁၉ မိနစ်မှာ အန်တိုနီက ကူကူရယ်လာကို ပင်နယ်တီဧရိယာထဲမှာ ခြေထိုးခံခဲ့တယ်ဆိုပြီး ဒိုင်လူကြီး အန်သိုနီ တေလာက ပင်နယ်တီပေးခဲ့ပြီး VAR ကလည်း လျင်လျင်မြန်မြန် အတည်ပြုခဲ့တာကြောင့် ချဲလ်ဆီးတို့ ပင်နယ်တီရခဲ့ပါတယ်။ ပင်နယ်တီကို ကိုး ပါလ်မာက အိုနာနာ ဒိုင်ဗင်ထိုးတဲ့ဘက်နဲ့ ဆန့်ကျင်ဘက် ဂိုးညာဘက်အောက်ထောင့်ထဲကို ကန်သွင်းယူသွားခဲ့ပြီး အိမ်ရှင်တို့ စောစောစီးစီးပဲ ၂-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။
၃၄ မိနစ်မှာတော့ ကိုင်ဆေဒို ရောင်းလိုက်တဲ့ ဘောလုံးကို ဂါနာချိုက အချိန်မဆိုင်းဘဲ ဂိုးရှေ့ ဆွဲပြေးပြီး ပက်ထရိုဗစ်နဲ့ တစ်ဦးချင်း ကန်သွင်းယူပြီး ချေပဂိုးကို သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။
နောက်ထပ် ၅ မိနစ်အကြာမှာ ဘရူနို ဖာနန်ဒက်စ်က အိုနာနာရဲ့ လျင်လျင်မြန်မြန် တန်ပြန်တိုက်စစ်စတင်မှုကနေ ရလာတဲ့ ဘောလုံးကို ပြိုင်ဘက်ကွင်းဘက်ခြမ်းကို ဆွဲပြေးလာခဲ့ပြီးနောက် အန်တိုနီနဲ့ ဂါနာချိုတို့ ပေါင်းစပ်ပြီး ခင်းပေးလိုက်တဲ့ ဘောလုံးကို ဒါလော့တ်က ဘယ်တောင်ပံကနေ ဖြတ်တင်ခဲ့ရာမှာ မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်က ခေါင်းတိုက်ပြီး အဆုံးသတ်ပေးသွားခဲ့တာဖြစ်ပါတယ်။
ပထမပိုင်းပြီးဆုံးခါနီးမှာ ချဲလ်ဆီးတို့ ဦးဆောင်ဂိုး ပြန်သွင်းယူနိုင်ဖို့ အခွင့်အရေးတွေရခဲ့ပမယ့်လည်း မာဒရစ်ခ်ရဲ့ ကန်ချက်ကို အိုနာနာ လက်စွမ်းပြကာကွယ်နိုင်ခဲ့သလို ဂယ်လေဂါရဲ့ ကန်ချက်ကလည်း ဂိုးတိုင်ထိမှန်သွားခဲ့တာကြောင့် နစ်နာခဲ့ရတာဖြစ်ပါတယ်။
ဒုတိယပိုင်းမှာတော့ မန်ချက်စတာယူနိုက်တက်တို့ကပဲ ဆက်လက် ဖိအားပေးကစားခဲ့ပြီး ၆၇ မိနစ် အရောက်မှာတော့ ဂါနာချိုက တန်ပြန်တိုက်စစ်ကနေတဆင့် အန်သိုနီရဲ့ လှလှပပ ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို အဆုံးသတ်နိုင်ခဲ့ပြီးနောက် အိမ်ရှင် ချဲလ်ဆီးတို့ကို ဦးဆောင်နိုင်ခဲ့ပါတယ်။
ဦးဆောင်နေရာကနေ ၃ ဂိုးအထိ ပြန်ပေးခဲ့ရပြီးနောက် ချဲလ်ဆီးနည်းပြ ပိုချက်တီနိုက ခြေစွမ်းသိပ်မပြနိုင်တဲ့ မာဒရစ်ခ်၊ ကိုင်ဆေဒိုတို့ကို ထုတ်ပြီး စတားလင်း၊ ချူကဝူမီကာ၊ ချာလိုဘတ်တို့ကို ထည့်သွင်းကစားစေခဲ့ပါတယ်။ ပိုချက်တီနိုပဲ ကံကောင်းသလား၊ သရဲနီတွေပဲ ကံဆိုးလား မသိခဲ့ဘဲ ၉၀+၇ မိနစ်မှာ ဒါလော့တ်က မာဒူအဲခီကို ပြစ်ဒဏ်ကျူးလွန်ခဲ့ပြီး VAR က အချိန်တော်ကြာ စစ်ဆေးခဲ့ပြီးနောက် ပင်နယ်တီပေးခဲ့ပါတယ်။
ချဲလ်ဆီးအတွက် ကိုး ပါလ်မာကပဲ နောက်ထပ်တစ်ကြိမ် ပင်နယ်တီကနေ အဆုံးသတ်သွင်းယူသွားခဲ့ပြီး နောက်ထပ် ၁ မိနစ်တောင် မကြာသေးချိန်မှာ ထောင့်ကန်ဘောကနေတဆင့် အန်ဇို ဖာနန်ဒက်ဇ်က ပင်နယ်တီဧရိယာအစွန်မှာ လူကပ်မခံထားရဘဲ လွတ်နေတဲ့ ပါလ်မာဆီ ပေးပို့ခဲ့ပါတယ်။
ကိုး ပါလ်မာရဲ့ ကန်ချက်က မက်တော်မီနေးနဲ့ ထိပြီး တော်တော်လေး လမ်းကြောင်း ပြောင်းသွားခဲ့တာကြောင့် အိုနာနာ ဘယ်လိုမှ မကာကွယ်နိုင်လိုက်ဘဲ အိမ်ရှင်ချဲလ်ဆီးတို့ နောက်ကျ အနိုင်ဂိုးကို သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။
အဆင့် ၆ နေရာမှာ ရပ်တည်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီရှုံးပွဲကြောင့် အဆင့် ၄ နေရာက အက်စတန်ဗီလာထက် ရမှတ် ၁၁ မှတ်အထိ ကွာဟသွားခဲ့ရပြီ ဖြစ်ပြီး ပုံမှန်အတိုင်းဆို လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်မျှော်လင့်ချက်က ကုန်ဆုံးလုနီးပါး ဖြစ်သွားပြီဖြစ်ပေမယ့် ပြောင်းလဲကျင်းပမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲပုံစံကြောင့် အဆင့် ၅ နေရာကနေ ဝင်ခွင့်ရရှိဖို့ မျှော်လင့်ချက် ရှိနေပါသေးတယ်။