ချယ်ဆီး ကို ရံှုံးသွားတဲ့ အပေါ် မန်ယူ နည်းပြ တန်ဟက်က ဘာတွေကို အပြစ်တင်၊ ဆင်ခြေပေးသွားခဲ့သလဲ

မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက ချယ်ဆီး အသင်းကို အဝေးကွင်း စတန်းဖို့ဘရစ်ချ် မှာ သွားရောက် ရင်ဆိုင် ကစားပြီး ၄-၃ ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်က ပိုမို မှေးမှိန်လာခဲ့ပါတယ်။

ယူနိုက်တက်ဟာ ၂-၀ အနေအထားကနေ နောက်က လိုက်ကစားရပေမယ့် ဂနာချို၊ ဖာနန်ဒက်စ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ပွဲကို ပြန်ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲပြီးခါနီး ပါလ်မာ သွင်းတဲ့ ပင်နယ်တီနဲ့ အနိုင်ဂိုးတွေ ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။

ယူနိုက်တက် နည်းပြက တန်ဟက်ကတော့ ဒီ အရှုံး ရလဒ် အတွက် ချယ်ဆီး ရခဲ့တဲ့ ပင်နယ်တီကို မေးခွန်းထုတ်ခဲ့တဲ့ အပြင် သူ့အသင်းသားတွေရဲ့ ခြေစွမ်းကိုလည်း ဝေဖန်ခဲ့ပါတယ်။

တန်ဟက်က ” ကျနော်တို့ အစ မကောင်းခဲ့ပါဘူး၊ ဘောလုံးတွေ ဆုံးရှုံးသလို ခံစစ်ကစားပုံ ညံ့ခဲ့ပါတယ်။ ဒါပေမယ့် ပွဲကို လွှမ်းမိုးနိုင်ခဲ့သလို နောက်ပိုင်း ကစားပုံ ပြန်ကောင်းလာခဲ့လို့ အနိုင်ရဖို့ ထိုက်တန်ခဲ့ပါတယ်။

ဒါပေမယ့် ဒီနေ့ပွဲကို ပိုပြီး ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့သင့်တာပါ။ တစ်ဦး တစ်ယောက်ကို ထောက်ပြတာထက် အသင်းလိုက် စွမ်းဆောင်ရည်မှာ ထိန်းချုပ်နိုင်ဖို့ လိုခဲ့တာ၊ အသင်းလုပ်မိတဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကလည်း အကူအညီ မဖြစ်ပါဘူး။

ဘောလုံးမရှိချိန်တွေမှာ ကျနော်တို့ ဆုံးဖြတ်တာတွေ မှားတယ်၊ အာရုံစူးစိုက်မှု ကင်းမဲ့ခဲ့တယ်။ နောက်ပြီး ပွဲပြီးခါနီး ပင်နယ်တီကလည်း သူတို့အတွက် ကံကောင်းပါတယ်။ မေးခွန်းထုတ်စရာ ခပ်လွယ်လွယ် အခြေအနေကို ပေးလိုက်တာပါ ” လို့ တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒီရှုံးပွဲကြောင့် ဒီအပတ် လီဗာပူးပွဲမတိုင်ခင် ယူနိုက်တက်ဟာ အဆင့် ၄ နေရာက ဗီလာနဲ့ ၁၁ မှတ်ကွာဟနေပြီဖြစ်ပါတယ်။