မန်ယူဖန် ဖြစ်နေလို့ အိုးထရက်ဖို့ဒ်မှာ ပြောင်းရွှေ့ကစားချင်နေတဲ့ ပရီးမီးယားလိဂ် ခြေတက် တိုက်စစ်မှုး မူနစ်ဇ်
ဖူလ်ဟမ်နဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ တိုက်စစ်မှူး မူနစ်ဇ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ အမာခံပရိသတ် ဖြစ်တာကြောင့် လာမယ့်နွေဈေးကွက်မှာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ ကစားချင်နေကြောင်း သတင်းထွက်နေပါတယ်။
အသက် ၂၂နှစ် အရွယ် ဘရာဇီးလ် လူငယ်ကြယ်ပွင့် တိုက်စစ်မှူး မူနစ်ဇ်က ၂၀၂၁ခုနှစ်မှာ ဘရာဇီးလ်ကလပ် ဖလာမင်ဂို ကနေ ဖူလ်ဟမ်ထံ ပြောင်းရွှေ့ကြေး ယူရို ၈သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ဒီရာသီမှာ ဖူလ်ဟမ်ရဲ့ မရှိမဖြစ် တိုက်စစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနေပါတယ်။

မူနစ်ဇ်က အင်္ဂလန်မြေဆီ ရောက်ရှိပြီးနောက် အင်္ဂလန်ရဲ့ ကစားဟန်နဲ့ အသားကျဖို့ အချိန်ယူခဲ့ရပေမယ့် သူက ၂၀၂၄ ခုနှစ် အတွင်းမှာ ဖူလ်ဟမ် အတွက် ပြိုင်ပွဲစုံမှာ ၁၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၈ဂိုး သွင်းယူပေးထားကာ ဂိုးဖန်တီးမှု ၁ကြိမ် ရရှိထားပါတယ်။
သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ မူနစ်ဇ်က ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ မတ်လ တစ်လတာ အကောင်းဆုံး ကစားသမားဆုရဲ့ စကာတင်စာရင်းထဲမှာ ပါဝင်ခဲ့သလို ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးကလပ် တချို့က မူနစ်ဇ်ကို ခေါ်ယူဖို့ အတွက် စောင့်ကြည့်မှုတွေ လုပ်လာကြပါတယ်။
နာမည်ကြီး စပိန် သတင်းဌာန Marca ရဲ့ ဖော်ပြချက်အရ မူနစ်ဇ်ဟာ ငယ်စဉ်ကတည်းက မန်ချက်စတာ ယူနိုက်တက်ကို အားပေးခဲ့သူ ဖြစ်တာကြောင့် အခွင့်အရေးသာ ရမယ် ဆိုရင် လာမယ့် နွေဈေးကွက်မှာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ ကစားချင်နေကြောင်း သိရှိရပါတယ်။
တဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက်က လာမယ့် နွေဈေးကွက်မှာ တိုက်စစ်မှူးသစ် ၁ဦးကို မဖြစ်မနေ ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး မန်ချက်စတာ ယူနိုက်တက်က ဟွိုက်လန်းနဲ့ တွဲဖက် ကစားနိုင်မယ့် တိုက်စစ်မှူးကို ခေါ်ယူချင်နေတာကြောင့် မူနစ်ဇ်မှာ ယူနိုက်တက် ကစားသမား ဖြစ်လာနိုင်တဲ့ အခွင့်အရေးတွေ ပိုင်ဆိုင်ထားပါတယ်။