ဒီည အိုးထရက်ဖို့ဒ်မှာ မန်ယူတို့ လီဗာပူး ဂိုးပြတ်ကြိတ်တာခံရမှာ စိုးရိမ်နေတဲ့ ဂန်းနားဟောင်းကြီး
အာဆင်နယ် ဂန္တဝင် ကစားသမားဟောင်းကြီး အီယန် ရိုက်က ဒီညပွဲမှာ လီဗာပူးလ်က အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာယူနိုက်တက်ကို ကောင်းကောင်းသိပ်ပြီး ဆုဖလားပြိုင်ပွဲမှာ ဆက်လက်ဦးဆောင်သွားနိုင်မယ်လို့ ယုံကြည်နေပြီး နည်းပြ တန်ဟက် အတွက် စိုးရိမ်နေပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ဒီရာသီမှာ လီဗာပူးလ်ကို ၂ ကြိမ်အထိ စိတ်ပျက်အောင် လုပ်နိုင်ခဲ့ပြီး ရာသီအစောပိုင်းတုန်းက အန်းဖီးမှာ သရေကစားနိုင်ခဲ့သလို ပြီးခဲ့တဲ့လက အက်ဖ်အေဖလားပြိုင်ပွဲကနေ ဖြုတ်ပစ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်တိုက်စစ်မှူးဟောင်းက တနင်္ဂနွေနေ့ပွဲမတိုင်ခင် မန်ယူနိုက်တက်အတွက် စိုးရိမ်နေပြီး ကြီးမားတဲ့ရလဒ်နဲ့ အလဲထိုးခံရနိုင်တယ်လို့ ပြောဆိုခဲ့တာပါ။
“ကျွန်တော် မန်ယူနိုက်တက်အတွက် ကြောက်ရွံ့မိတယ်။ လီဗာပူးလ်က အက်ဖ်အေဖလားတုန်းက ကစားခဲ့တာထက် အများကြီးပိုပြီး အာရုံစိုက်လာလိမ့်မယ်လို့ ခံစားရပြီး ပိုလို့တောင် အညှာအတာကင်းမဲ့နေမှာပါ။
ယူနိုက်တက်လည်း အညှာအတာကင်းမဲ့နိုင်တယ်ဆိုတာ ကျွန်တော်တို့ သိပြီး ဂါနာချိုတစ်ယောက်တည်းနဲ့တောင် ခြိမ်းခြောက်မှုဖြစ်လာမှာပါ။ ဒါပေမယ့် လီဗာပူးလ်က အဲဒီကိုသွားပြီး သူတို့ကို သူတို့ရဲ့နေရာမှာပဲ အလဲထိုးချင်မှာပါ။
မန်ယူနိုက်တက်အတွက် ကျွန်တော်စိုးရိမ်တယ်။ ဘာလို့လဲဆိုတော့ နောက်ထပ်တစ်ကြိမ် အကြီးကြီး အသိပ်ခံရနိုင်တာကို ကျွန်တော် မြင်နေလို့ပါ။
ပွင့်ပွင့်လင်းလင်း ပြောရရင် သူတို့တွေ ကောင်းကောင်း အသိပ်ခံရတော့မှာ ကျွန်တော် မြင်နေတယ်။ အိုးထရက်ဖို့ဒ်က အရင်တုန်းကလို ခံတပ်ကြီး မဟုတ်တော့ပါဘူး။ လီဗာပူးလ်က လာပြီး သူတို့လုပ်စရာရှိတာ အာရုံစိုက်လုပ်နိုင်ရင် ယူနိုက်တက်အတွက် ကြီးကြီးမားမား စိုးရိမ်စရာဖြစ်လာမှာပါ။”လို့ ပြောဆိုခဲ့ပါတယ်။