လီဗာပူးနဲ့ သရေကျခဲ့ပမေယ့် အသင်းငယ် တစ်သင်းလို ရည်ရွယ်ချက်မဲ့ ကစားနေတယ်လို့ မန်ယူအသင်း ဝေဖန်ခံရ
မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း ရွိုင်ကိန်းက ယမန်နေ့ညက လီဗာပူးကို ၂-၂ နဲ့သရေကျခဲ့ပြီးနောက် တန်ဟက်ရဲ့အသင်းဟာ အသင်းငယ်လေးတစ်သင်းလို ကစားနေတယ်လို့ ဝေဖန်ပြောဆိုလာခဲ့ပါတယ်။
ယခုသရေပွဲကြောင့် လီဗာပူးဟာ စနေနေ့ညက ဘရိုက်တန်ကို ဝ-၃ နဲ့ အနိုင်ရခဲ့တဲ့ အာဆင်နယ်ထံ ထိပ်ဆုံးနေရာကို ပြန်လည်လွှဲပြောင်းပေးခဲ့ရပြီး လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရပ်တည်နေကာ တတိယနေရာက မန်စီးတီးနဲ့ ရမှတ် ၁ မှတ် ကွာဟနေပါတယ်။

လီဗာပူးဟာ ထက်မြက်တဲ့ကစားပုံနဲ့အတူ ပထမပိုင်းမှာ ဒီယက်ဇ်ရဲ့ ဦးဆောင်ဂိုးကို ရရှိခဲ့သော်လည်း ဒုတိယပိုင်းမှာတော့ ၂ ဂိုးပြန်လည် ခွင့်ပြုခဲ့ရပြီး ဆာလက်ရဲ့ ပင်နယ်တီ သွင်းဂိုးကြောင့် သရေရလဒ်ကို ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အနေနဲ့ ယခုပွဲစဉ်မှာ ထိုက်တန်တဲ့သရေ ရလဒ်ကို ရရှိခဲ့တာဖြစ်သော်လည်း အသင်းရဲ့ဂန္ထဝင် ရွိုင်ကိန်းကတော့ ယူနိုက်တက်ရဲ့စွမ်းဆောင်ရည်က အားရစရာမရှိဘူးလို့ ဆိုလာခဲ့ပါတယ်။
ရွိုင်ကိန်း က “ယူနိုက်တက်အနေနဲ့ စိတ်အားထက်သန်တဲ့ ကစားသမားမျိုးကို အပတ်တိုင်း လိုအပ်ပါတယ်။ အခု သူတို့ ကစားနေတဲ့ ပုံစံက အမှတ်ပေးဇယား အလယ်ကအသင်းလိုပါပဲ။ အသင်းသေးလေးတစ်ခုလိုပါ။ ဘာရည်ရွယ်ချက်နဲ့ကန်နေသလဲဆိုတာ ပုံဖော်လို့မရပါဘူး။
ဆုဖလားကြီးကြီးမားမား ရချင်တယ်ဆိုရင်တော့ ဒီလိုကစားပုံနဲ့မရပါဘူး။ ပြီးတော့ အချက်အလက်တွေကတော့ စွမ်းဆောင်ရည်မလုံလောက်ဘူးဆိုတာထောက်ပြနေပါတယ်။ သူတို့ဒီရာသီမှာ ၁၂ ပွဲအထိရှုံးထားပြီး ဂိုးကွာခြားချက်ကလည်း -၁ ပါ။ သူတို့မှာ လုံလောက်တဲ့ စွမ်းဆောင်ရည်မရှိပါဘူး” လို့ပြောကြားခဲ့ပါတယ်။