ဆာ ဂျင် ရက်ကလစ်ဖ်ကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်း ဝန်ထမ်းတွေလည်း မျက်ခုံးလှုပ်နေရပါပြီ
မန်ချက်စတာ ယူနိုက်တက် ကနေ အားကစား ဒါရိုက်တာ ဂျွန်မတ်တော့ချ် နှုတ်ထွက်သွားပြီးနောက် အသင်း ဝန်ထမ်းတွေကတော့ သူတို့ ရာထူးပါ ပြုတ်ကုန်မှာကို စိုးရိမ်နေကြပြီ ဖြစ်ကြောင်း ဒေးလီးမေးလ် သတင်းဌာနကက ဖော်ထုတ်လာပါတယ်။
မန်ယူ ပူးတွဲ ပိုင်ရှင်သစ် ဆာဂျင် ရက်ကလစ်ဟာ ဘောလုံး အော်ပရေးရှင်းပိုင်းမှာ ကိုယ်တိုင် ဝင်ပြီး ခပ်ပြတ်ပြတ် ကိုင်တွယ်နေပြီ ဖြစ်ပြီး ဒီတေလောမှာပဲ ဂျွန်မတ်တော့ချ် က ထွက်ခွာသွားခဲ့ရတာပါ။

၎င်းနေရာမှာ နယူးကာဆယ် အသင်းမှ ဒန် အက်စ်ဝါ့သ် ဝင်လာမှာ ဖြစ်ပြီး ၎င်းကို ကာဆယ်ကလည်း အားကစား ဒါရိုက်တာ ရာထူးကနေ လက်လွှတ်ခွင့်ပေးမယ်လို့ အတည်ပြုထားပါတယ်။
အခုလို အသင်း အတွင်းပိုင်း ရာထူးကြီး အပြောင်းအလဲတွေ ရှိလာတာကြောင့် နောက်ထပ် ရာထူး ထုတ်ပယ်မှုနဲ့ နေရာ ချထားမှု အသစ်တွေ မြင်ရဖွယ် ရှိမယ် လို့ အသင်း ဝန်ထမ်းတွေက ယုံကြည်ထားပါတယ်။
ရက်ကလစ်ဖ်ရဲ့ တွဲဖက် ဖြစ်တဲ့ Sir Dave Brailsford ကလည်း ယူနိုက်တက်မှာ ဝန်ထမ်းတွေ များလွန်းနေတယ် လို့ မြင်နေပြီး နွေ မတိုင်ခင် အသင်းမှာ ပြောင်းလဲမှုတွေ လုပ်ဖို့လည်း အကြံပြုထားကြောင်း သိရပါတယ်။
ဆာဂျင် ရက်ကလစ်ဖ် ဟာ ယူနိုက်တက်မှာ မလိုအပ်တဲ့ ကုန်ကျမှုတွေ ဖြတ်တောက် လျော့ချဖို့ ရည်ရွယ်ထားပြီးပါပြီ။ ဒါကြောင့် လက်ရှိ ယူနိုက်တက် ဝန်ထမ်းတွေရဲ့ လေးပုံ တစ်ပုံလောက်က ထုတ်ပယ်ခံရဖွယ် ရှိနေပါတယ်။
လက်ရှိ ယူနိုက်တက်မှာ ဝန်ထမ်း ၁၂ဝဝ ရှိနေပြီး ပရီးမီးယားလိဂ် ကလပ်တွေထဲ အများဆုံး အရေအတွက် ဖြစ်ပါတယ်။