ပေါစခိုးလ် လက်သစ် ဖြစ်လာနိုင်သလို မန်ယူ ပိုင်ဆိုင်ထားတဲ့ ဘယ်လင်ဟမ် လို ကစားသမား အကြောင်း

မန်ချက်စတာ ယူနိုက်တက် လက်ရှိ ပိုင်ဆိုင်ထားတဲ့ ကြယ်ပွင့် ကစားသမားလေးဟာ မန်ယူရဲ့ ကိုယ်ပိုင် ဘယ်လင်ဟမ် ဗားရှင်း ဖြစ်သလို မန်ယူအသင်း ဂန္ထဝင်ကစားသမား ပေါလ်စခိုး လက်သစ်လည်း ဖြစ်လာနိုင်တယ် လို့ မန်ယူ တိုက်စစ်မှူးဟောင်း လူးဝစ်ဆာဟာက ပြောဆိုလိုက်ပါတယ်။

ဆာဟာ က ကိုဘီမိုင်နူး အပေါ် မျှော်လင့်ချက် များစွာ ထားနေတာ ဖြစ်ပြီး မိုင်နူး အနေနဲ့ အမှားတချို့ကို ပြင်နိုင်မယ်ဆိုရင် မန်ယူအသင်းသမိုင်းမှာ အကြီးမြတ်ဆုံး ကစားသမားတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ၎င်းက ဆိုပါတယ်။

အသက် ၁၈ နှစ်အရွယ် မိုင်နူးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာမှာ မန်ယူအတွက် ပထမဆုံး ပွဲဦးထွက်ခွင့် ရခဲ့ပြီးတဲ့နောက် မန်ယူ အသင်း နောက်ဆုံး ကစားခဲ့တဲ့ ၁၅ ပွဲမှာ ဆက် တိုက် ပွဲထွက်ခွင့်ရခဲ့သူဖြစ်ပါတယ်။

နောက်ပြီး လီဗာပူးနဲ့ ၂-၂ ဂိုး သရေကျခဲ့တဲ့ပွဲမှာလည်း မန်ယူကစားသမား ဘ၀ ပထမဆုံး အိုးလ်ထရက်ဖို့ဒ် သွင်းဂိုးကို ရခဲ့ပြီးဖြစ်ပါတယ်။

မန်ယူ နဲ့အတူ ပုံမှန်ပွဲထွက်ခွင့် ရနေတဲ့ မိုင်နူးကို အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကလည်း ယုံကြည် မှု ပေးထားပြီး ပြီးခဲ့တဲ့လ အင်္ဂလန်အသင်း ပွဲတွေမှာ ထည့်သုံးနေပြီဖြစ်ပါတယ်။

ဒါကြောင့် မိုင်နူးဟာ အင်္ဂလန်ကစားသမားဟောင်းဖြစ်တဲ့ ပေါလ်စခိုးလိုပဲ နေရာရလာနိုင်တယ်လို့ ဆာဟာက သုံးသပ်တာပါ။

” ကိုဘီမိုင်နူးဟာ မန်ယူရဲ့ ဂျုဒ် ဘယ်လင်ဂမ် ဖြစ်လာနိုင်တယ်။ သူ့မှာ ကျွမ်းကျင်မှုနဲ့ တည်ငြိမ်မှု ရှိတယ်။ သူက ပုံမှန်ထက် အတက်ပိုမြန်တဲ့ ကစားသမား တွေထဲက တစ်ယောက်ဖြစ်တယ်။

အသက် ၁၈ အရွယ်မှာတင် ရင့်ကျက်မှုကို ပြနေပြီ။ အထူးသဖြင့် မတည်မငြိမ်ဖြစ်နေတဲ့ လူစာရင်းထဲမှာ သူဝင်ကစားတဲ့အခါမှာပေါ့။ မန်ယူရဲ့ အနေအထားအကုန်လုံးကို ကျွန်တော်တို့ ချဲလ်ဆီး၊ လီဗာပူးတို့နဲ့ ပွဲတွေမှာ မြင်ခဲ့ရပြီးပြီ။

ပြိုင်ဘက်ကို သူ့ရဲ့ တည်ငြိမ်မှုနဲ့အတူ လုံး၀ အံ့သြသွားစေနိုင်တဲ့ မိုင်နူးလို ကစားသမားမျိုးရှိတာဟာ ဘာမှ မလိုတော့သလို သူကလည်း တိုးတက်ဖို့ အလားအလာ နဲ့ပတ်သက်ရင် အကန့်အသတ်မရှိတဲ့ မှော်အစွမ်းလိုမျိုး လုပ်ပြနိုင်တယ်။

ဘယ်လင်ဂမ်ကို ကြည့်တဲ့အခါ သူက ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး အကြမ်းစားပဲ။ မိုင်နူးက အကောင်းစား ကြံ့ခိုင် မှုမျိုး ရှိတယ်လို့တော့ ကျွန်တော် မပြောလိုဘူး။ ဒါပေမဲ့ အရပ်အမောင်းကောင်းတယ်။ ပြေးအားရှိတယ်။ သူနဲ့ လိုက်ဖက်တဲ့ နည်းစနစ်ပိုင်းရှိတယ်။

အဲဒါတွေကို ဘယ်လင်ဂမ်က ရပြီးသားဖြစ်တယ်။ ကြံ့ခိုင်မှုနဲ့ ပတ်သက်ပြီး ဘုရားသခင်ကောင်းချီးပေးတာခံရတဲ့ ကစား သမားတွေ ကျွန်တော် အမှတ်ရမိသေးတယ်။ စီရော်နယ်ဒို၊ မားကပ်စ်ရက်ရှ်ဖို့ဒ်နဲ့ ပေါလ်စခိုးတို့ပေါ့။

ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်းကပြောတာ သူက ကမ္ဘာအကောင်းဆုံး ကွင်းလယ်လူ တွေထဲက တစ်ယောက်တဲ့။

မိုင်နူးမှာ သူ့လိုမျိုး အရည်အသွေး တစ်ခုမက ရှိနေတယ်။ သူ့မှာ အကုန်လုံးကို ရှိနေတာပါ။ တည်တည်ငြိမ်ငြိမ်သာ ဆက်ရှိမယ်ဆိုရင်တော့ သူဟာ မန်ယူအသင်း သမိုင်းရဲ့ အကြီးမြတ်ဆုံး ကစားသမားတစ်ယောက် ဖြစ်လာပါလိမ့်မယ်” လို့ ဆာဟာက ပြောသွားခဲ့တာပါ။