ပရီးမီးယားလိဂ် အဆင့် ၁ ကနေ ၆ အတွင်းအသင်းတွေထဲ မန်ယူ က ထူးထူးခြားခြား တစ်နေရာမှာ ထိပ်ဆုံးက ဗိုလ်စွဲနေ
မန်ချက်စတာယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ် အဆင့် ၁ ကနေ ၆ အတွင်း ရပ်တည်နေကြတဲ့ အသင်းတွေထဲမှာ လူငယ်တွေကို အသုံးပြုမှု အများဆုံးအသင်းအဖြစ် ထူးထူးခြားခားနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။
ယူနိုက်တက်အသင်းရဲ့ လူငယ်ကြယ်ပွင့်တွေဖြစ်ကြတဲ့ ဂါနာချို၊ ကိုဘီမင်နူးတို့ဟာ အသင်းမှာ ပုံမှန်ပါဝင်ကစားခွင့်ရရှိနေပြီး အဲဒါကြောင့်ပဲ ယူနိုက်တက်အသင်းဟာ လူငယ်တွေကို ပွဲကစားခွင့်ပေးမှု အများဆုံးကလပ်အဖြစ် ရပ်တည်နိုင်ခဲ့တာပါ။

လက်ရှိအချိန်အထိ ယူနိုက်တက်အသင်း လူငယ်ကစားသမားတွေရဲ့ ပွဲကစားခွင့် မိနစ်အရေအတွက်က ၃,၆၃၇ မိနစ်အထိရှိခဲ့ပြီး ဒါက ပရီးမီးယားလိဂ်အဆင့် ၆ အတွင်း ရပ်တည်နေကြတဲ့ အာဆင်နယ်၊ လီဗာပူးလ်၊ မန်စီးတီး၊ စပါး၊ အက်စတွန်ဗီလာတို့ အားလုံးပေါင်း ၁,၂၄၅ မိနစ်ထက် ပိုများနေပါတယ်။
အသက် ၁၉ နှစ်သာရှိသေးတဲ့ အာဂျင်တီးနားလူငယ်ကြယ်ပွင့် ဂါနာချိုတစ်ဦးတည်းတင် မိနစ်ပေါင်း ၁,၉၈၈ မိနစ်အထိ ကစားခဲ့ရပြီး ယူနိုက်တက်အသင်းရဲ့ ပဉ္စမမြောက် ပွဲကစားခွင့်ရသူအဖြစ် ရပ်တည်နေသလို အသက် ၁၈ နှစ်သာရှိသေးသူ အင်္ဂလန်လူငယ်ကွင်းလယ်လူ ကိုဘီမင်နူးကလည်း ၁,၃၅၈ မိနစ်အထိ ကစားခဲ့ရပါတယ်။
ဒါ့အပြင် ယူနိုက်တက်အကယ်ဒမီထွက်ကစားသမားတွေဖြစ်ကြတဲ့ ကမ်ဘွာလာ၊ ဖော်ဆင်၊ ဒန်ဂေါ်(အားလုံး ၁၉ နှစ်)တို့ဟာ အသင်းအတွက် ၂၉၁ မိနစ်ကစားခွင့်ရခဲ့ပြီး သူတို့ ၃ ဦးထဲမှာ ကမ်ဘွာလာက ၂၂၄ မိနစ်နဲ့ အများဆုံးဖြစ်နေပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရပေမဲ့ လူငယ်တွေကို အခုလို နေရာပေး အသုံးပြုနေတာကြောင့် ပရိသတ်တွေအတွက် စိတ်ကျေနပ်စရာဖြစ်စေပါတယ်။
ယူနိုက်တက်ပြီးရင် လူငယ်တွေကို ပွဲကစားခွင့်အများဆုံးပေးခဲ့တဲ့အသင်းက မန်စီးတီးဖြစ်ပြီး ၆၉၈ မိနစ်မှာ အဆင့် ၂ နေရာ ရပ်တည်နေပါတယ်။
မန်ချက်စတာနှစ်သင်းနောက်မှာ အက်စတွန်ဗီလာ (၃၆၀ မိနစ်)၊ လီဗာပူးလ် (၁၁၇ မိနစ်)၊ စပါး (၅၆ မိနစ်)တို့ရှိနေပြီး အံ့အားသင့်စရာကောင်းတာက အာတီတာရဲ့ အာဆင်နယ်အသင်းမှာ လူငယ်ကစားသမားတွေ ကစားခွင့်ရခဲ့တဲ့ မိနစ်က ၁၄ မိနစ်သာရှိသလို အဆင့် ၆ အတွင်း အသင်းတွေထဲမှာ အနည်းဆုံးဖြစ်နေပါတယ်။
ယူနိုက်တက်အသင်းဟာ အဆင့် ၆ အတွင်း ရပ်တည်နေတဲ့ အသင်းတွေထဲမှာ လူငယ်တွေကို ပွဲကစားခွင့်အများဆုံးပေးတဲ့ အသင်းအဖြစ် သတ်မှတ်ခံခဲ့ရပေမဲ့ ပရီးမီးယားလိဂ်အသင်း ၂၀ ထဲမှာတော့ ဘရိုက်တန်က ၄,၅၈၈ မိနစ်နဲ့ အများဆုံးဖြစ်နေပြီး ယူနိုက်တက်ဟာ အဆင့် ၂ နေရာမှာသာ ရပ်တည်ခဲ့ပါတယ်။