ဘုန်းမောက်ကို နောက်က လိုက် ကစားပြီး သရေ ရလဒ် ရအောင်ယူခဲ့တာ အကောင်းမြင်ကြဖို့ နည်းပြ တန်ဟက် တောင်းဆို

မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက ဘုန်းမောက်ကို အဝေးကွင်း ဗိုက်တယ်လက်တီကွင်းမှာ သွားရောက် ရင်ဆိုင်ရာ အတော်လေး ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ရရင်း (၂)ဂိုးစီ သရေကျခဲ့ရပါတယ်။ ယူနိုက်တက်က ဘုန်းမောက်ကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဆုံခဲ့စဉ်တုန်းက (၃)ဂိုးပြတ်နဲ့ အပြတ်အသတ် ရှုံးနိမ့်ခဲ့ပါသေးတယ်။

တန်ဟက်ကတော့ သရေ ရလဒ် အပေါ် အပြစ် မြင် မနေဘဲ ဘုန်းမောက်နဲ့ပွဲမှာ အသင်းက ရှုံးနိမ့်နေတဲ့ အနေအထား (၂)ကြိမ်တိုင်တိုင် ပြန်လည် လိုက် ကစားနိုင်ခဲ့တာ ပြန်လာနိုင်ခဲ့တာက ကောင်းတဲ့အချက် ပဲ လို့ ပြောဆိုသွားခဲ့ပါတယ်။

ဒီပွဲမှာ ဘုန်းမောက်က တိုက်စစ်မှူး ဆိုလန်ကီရဲ့ သွင်းဂိုးနဲ့ ပွဲကို စတင် ဦးဆောင်နိုင်ခဲ့ပြီး ပွဲကစားချိန် နာရီဝက်ကျော်မှသာ ယူနိုက်တက်က ပထမဆုံး ဂိုးပေါက်တည့်ကန်ချက် စတင် ရရှိခဲ့ရင်း ချေပဂိုး သွင်းယူနိုင်ခဲ့ပေမယ့်လည်း (၅)မိနစ်ခန့်အကြာမှာပဲ ကလွိုင်းဗက်က ထပ်မံ ဦးဆောင်လိုက်ပြန်ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာ ယူနိုက်တက်က ပင်နယ်တီကန်ခွင့် ရရှိခဲ့ပြီး ဒုတိယ ချေပဂိုးပိုပါ သွင်းယူနိုင်ခဲ့ပါတယ်။

ဒီပွဲနဲ့ ပတ်သက်ပြီး နည်းပြတန်ဟက် က “ကျွန်တော်က ဘောလုံးလောကထဲမှာ ကျင်လည်နေတာ ကြာနေပြီးတော့ ကစားသမားတွေဟာလည်း အရမ်းစိတ်အားထက်သန်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဘောလုံးမပျက်သင့်တဲ့ နေရာမျိုးတွေမှာ ဘောလုံး ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ရတယ်။ ပွဲတွင်း ကစားသမား ဖွဲ့စည်းပုံကလည်း မမှန်ကန်နေဘူး။”

“ကျွန်တော်တို့က နိုင်ပွဲတွေရချင်တယ် တိုက်ပွဲဝင်ချင်တယ် ထိပ်တန်းအဆင့်တွေအတွက် ယှဉ်ပြိုင်ချင်တယ်ဆိုတာကို ကျွန်တော်တို့ သိထားပါတယ်။ ဒီပွဲရဲ့ ပထမပိုင်းမှာ ကျွန်တော်တို့ ရုန်းကန်ခဲ့ရတာကို မြင်ပါလိမ့်မယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ပိုကောင်းလာခဲ့တယ်။ ကောင်းတဲ့အချက်ကတော့ ရှုံးတဲ့ အနေအထားကနေ (၂)ကြိမ်တိုင် ပြန်လာနိုင်ခဲ့တယ်။”

“အသင်းလိုက် စိတ်ဓါတ်နဲ့ အရှုံးမပေးတဲ့ စိတ်ဓါတ်က တကယ်ကောင်းတယ်။ အဆုံးသတ်မှာတော့ ကျွန်တော်တို့ ပိုပြီး စုစုစည်းစည်းနဲ့ တည်တည်ငြိမ်ငြိမ် ကစားလာရင်း အခွင့်အရေးတွေ ပိုရလာခဲ့ပါတယ်။

ပြိုင်ဘက်တိုင်းကလည်း ကျွန်တော်တို့ကို အနိုင်ယူဖို့ ဆန္ဒရှိလာတာမို့ ကျွန်တော်တို့ဘက်ကလည်း ပြိုင်ဘက်တွေကို ခုခံဖို့ ထိန်းချုပ်ဖို့ လွှမ်းမိုးနိုင်ဖို့ပါ လိုအပ်ပါတယ်။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။