မန်ယူမှာနေပြီး အပျော်တမ်းလိုလို၊ ရန်ပုံငွေပွဲ လိုလို၊ ဆယ်လီတွေနဲ့လိုလို ကစားနေတဲ့ အသင်းသား ပြောဆို ဝေဖန်ခံရ
ပြီးခဲ့တဲ့ ဘုန်းမောက်နဲ့ စနေနေ့ညက တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲက မန်ယူ ကွင်းလယ် ကစားသမား ကက်စမီရိုရဲ့ စွမ်းဆောင်ရည်ကို လီဗာပူးလ်ကစားသမားဟောင်း ဂျေမီ ရက်နက်က ပြစ်တင်ခဲ့ပါတယ်။ ဘရာဇီးလ်ကွင်းလယ်လူက ရန်ပုံငွေပွဲမှာ ကစားနေသလိုမျိုး ကစားခဲ့တယ်လို့ ပါ ပြောဆိုလိုက်တာပါ။
ကက်စမီရိုဟာ ဘုန်းမောက်ရဲ့ ဒုတိယဂိုးအတွက် တိုက်စစ် စတင်ချိန်မှာ တားဆီးဖို့အတွက် အားထုတ်ခဲ့ခြင်းမရှိမှုကို ရက်နက်က အံ့သြ ဒေါသထွက်ခဲ့တာပါ။

“ပြဿနာရှိနေတာကို သူ မြင်နိုင်ပါတယ်။ သူ အခု လမ်းလျှောက်နေဖို့ ဆုံးဖြတ်လိုက်ပြီလား။ ခင်ဗျား ဘာလို့ အဲဒီမှာ လမ်းလျှောက်နေတာလဲ။ အရာအားလုံးက အရမ်း လျင်လျင်မြန်မြန်ပဲ ဖြစ်သွားခဲ့တယ်။
ရိုဒရီ ဒါမှမဟုတ် ဒီကလန် ရိုက်သာဆိုရင် တစ်ယောက်ချင်း ရင်ဆိုင်ရမယ့်အခြေအနေဆိုတာကို သိသွားတဲ့အချိန်ကျရင် အဲဒီမှာ လမ်းလျှောက်နေမယ်ထင်လား။ ဘာကြောင့် သူ ငါ ပြေးသွားပြီး အသင်းဖော်တွေကို ကူညီရမယ်လို့ မတွေးတာလဲ။
ကမ်ဘွာလာ က အသက် ၁၉ နှစ်ပဲရှိသေးတယ်။ ခင်ဗျားက အတွေ့အကြုံရှိတဲ့သူ။ ချန်ပီယံလိဂ်ဖလားတွေလည်း ရခဲ့ဖူးတယ်။ သူက ဆက်ပြီးတော့ လမ်းလျှောက်နေတုန်းပဲ။ ပြီးတော့ နည်းနည်းလေး ရွရွပြေးဖို့ ဆုံးဖြတ်လိုက်တယ်။ သူသာ ပြေးသွားခဲ့ရင် ဒါမှမဟုတ် နည်းနည်းလောက် မြန်နှုန်းလေး ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့ရင် ကလွိုက်ဗက်ရဲ့ ကန်ချက်ကို ပိတ်ဆို့နိုင်ခဲ့မှာပါ။
သူက ပထမဆုံးအနေနဲ့ အဲဒီအန္တရာယ်ကို မြင်ရမှာပါ။ ကျွန်တော် သိတဲ့ သမားရိုးကျအရာက ပြေးလွှားပြီး အသင်းဖော်တွေကို ကူညီပေးရမယ်ဆိုတာပါ။ ဒီနေ့ ကက်စမီရိုကို ကျွန်တော် အချိန်တော်တော်များများမှာ ကြည့်နေခဲ့တယ်။ သူ့ကို စောင့်ကြည့်ခဲ့တာ နှစ်ပေါင်းများစွာ ရှိပါပြီ။
သူက ကမ္ဘာ့ဘောလုံးလောကထဲက ကျွန်တော့်အနှစ်သက်ဆုံး ကွင်းလယ်ခံစစ်ကစားသမားတွေကို အနိုင်ရခဲ့တဲ့သူပါ။ သူ ကစားတာကို ကြည့်ရတာ နှစ်သက်တယ်။ ဒါပေမယ့် အခုတော့ သူ့ကို ကြည့်ရတာ ဘောလုံးရန်ပုံငွေပွဲတစ်ပွဲမှာ ကစားနေသလိုမျိုးပုံစံပေါက်နေတယ်။
သူ ကစားနေတဲ့ပုံစံကိုက အပျော်ကစားနေတဲ့ပုံစံမျိုးနဲ့ကစားနေတာပါ။ ကွင်းထဲမှာ ဆယ်လီတွေနဲ့ ကစားနေသလိုမျိုးပဲ။ မဟုတ်ဘူ။ ဒါက ပရီးမီးယားလိဂ်ပါ။”လို့ ပြောဆိုခဲ့ပါတယ်။