လာမယ့် သီတင်းပတ်ထဲ တန်ဟက် နဲ့ မန်ယူအသင်း အနာဂတ် ကို အဖြူအမဲ သဲကွဲအောင် ဆုံးဖြတ်ချက်ချတော့မည်
မန်ချက်စတာယူနိုက်တက်ကတော့ လက်ရှိ နည်းပြ အဲရစ် တန်ဟက်ရဲ့ အနာဂတ် နဲ့ ပတ်သတ်ပြီး ရှင်းလင်း သေချာတဲ့ ဆုံးဖြတ်ချက် တစ်ခု ချမှတ်တော့မှာ ဖြစ်ပါတယ်။ အသင်းက ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ ရလဒ်တွေ ဆိုးရွားခဲ့တာကြောင့် တန်ဟက် ဆက်ရှိမလား ဆိုတာ ၅၀-၅၀ လောက် ဖြစ်နေတယ်လို့ သိရပါတယ်။
နယ်သာလန်သား နည်းပြဟာ အသင်းရာသီကြိုခရီးစဉ်နဲ့ ကစားသမားသစ်ခေါ်ယူမယ့်အစီအစဉ် အပါအဝင် လာမယ့်ရာသီအတွက် အစီအစဉ်ဆွဲရာမှာ ကြီးကြီးမားမား ပါဝင်ပတ်သက်မှုရှိခဲ့ပေမယ့်လည်း နောက်ဆုံး ပရီးမီးယားလိဂ် ၇ ပွဲမှာ ၁ ပွဲသာနိုင်ပွဲရခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဗန်ဟားလ်၊ မိုရက်စ်၊ ဆိုးလ်ရှားတို့ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့အခြေအနေမျိုးနဲ့ ရာသီကို အဆုံးသတ်ရတော့မှာဖြစ်ပေမယ့်လည်း ဆာဂျင်မ်ရက်ကလစ်ဖ်က နည်းပြတွေရဲ့ ကျရှုံးမှုထက် အသင်းပတ်ဝန်းကျင်မှာ ပိုကြီးမားတဲ့ပြဿနာရှိနေတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ အဲရစ် တန်ဟက်ဘက်ကနေ ရပ်တည်ပေးချင်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ရက်သတ္တပတ်တွေက ရလဒ်တွေကြောင့် ဘုတ်အဖွဲ့အနေနဲ့ ပြန်စဉ်းစားရတော့မှာ ဖြစ်ပါတယ်။
အင်္ဂလန် အခြေစိုက် သတင်းဌာန The Athletic ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ ဒီကိစ္စ အတွက် လာမယ့် ရက်သတ္တပတ်အတွင်း ဆုံးဖြတ်ချက် ချမှတ်သွားမယ်လို့ သိရပြီး လက်ရှိအချိန်အထိတော့ တန်ဟက်ရဲ့ အနာဂတ်အတွက် ခိုင်မာတဲ့ ဆုံးဖြတ်ချက်မရှိသေးတာ ဖြစ်ပါတယ်။