အဲရစ်တန်ဟက်နဲ့ တပည့်ကျော် အန်တိုနီ ကြားမှာရော အကွဲအပြဲတွေ ဖြစ်နေပြီလား၊ မန်ယူကတော့ ဖြေရှင်းနေရပါပြီ
မန်ချက်စတာ ယူနိုက်တက်ဟာ နည်းပြ တန်ဟက်နဲ့ တပည့်ကျော် တိုက်စစ်သမား အန်တိုနီတို့ကြား အကွဲအပြဲတွေ ဖြစ်နေတယ်ဆိုတဲ့ ပြောဆိုမှုတွေကို ငြင်းပယ်လိုက်ပါတယ်။ ဘရာဇီးလ် တောင်ပံကစားသမားဟာ စနေနေ့က ဘုန်းမောက်နဲ့ပွဲမှာ လူစာရင်းထဲကနေ ချန်လှပ်ခံခဲ့ရတာဖြစ်ပါတယ်။
ဘရာဇီးလ်တောင်ပံကစာသးမားဟာ ဗီတာလတီကွင်းကို သွားရောက်ခဲ့တဲ့ လူစာရင်းနဲ့တောင် လိုက်ပါခဲ့ခြင်းမရှိခဲ့ဘဲ မန်ချက်စတာယူနိုက်တက်ဟာ ဘုန်းမောက် နဲ့ ၂-၂ သရေကျခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နောက်ထပ်ကြီးမားတဲ့ ထိုးနှက်ချက်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

အန်တိုနီဟာ မန်ချက်စတာမှာ စိတ်ပျက်စရာကောင်းတဲ့ ဒုတိယရာသီကို ဖြတ်သန်းနေရတာဖြစ်ပေမယ့်လည်း ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ တိုးတက်လာတဲ့လက္ခဏာအနည်းငယ်ပြသခဲ့ပြီး ယခုလအစောပိုင်းက ချဲလ်ဆီးနဲ့ပွဲမှာ အထင်ကြီးဖွယ် စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။
လူမှုကွန်ရက်ပေါ်က ကောလာဟလတွေထဲမှာ အန်တိုနီဟာ ပွဲကစားချိန်နဲ့ပတ်သက်ပြီး တန်ဟက်နဲ့ စကားများခဲ့တာကြောင့် ဘုန်းမောက်နဲ့ပွဲမှာ လူစာရင်းထဲကနေ ချန်လှပ်ခံခဲ့ရတာဖြစ်တယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ကတော့ အဲဒီလို မဟုတ်ခဲ့ဘဲ သောကြာနေ့ လေ့ကျင့်ရေးမှာ အသေးစား ဒဏ်ရာ တစ်ခုရခဲ့တာကြောင့် လူစာရင်းထဲကနေ ချန်လှပ်ခဲ့ရတာဖြစ်တယ်လို့ ပြောဆိုခဲ့ကြောင်း ESPN က ဖော်ပြခဲ့ပါတယ်။
အန်တိုနီနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်အရ ဒဏ်ရာက အရမ်းမပြင်းထန်တာကြောင့် ကိုဗင်ထရီနဲ့ ကစားရမယ့် အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲအမီ ပြန်လည် သက်သာလာမယ်လို့ မျှော်လင့်နိုင်တယ်လို့ သိရပါတယ်။