ဘိုင်ယန်နဲ့ သတင်းကြီးနေပေမယ့် ဇီဒန်း တကယ်ရောက်လာမှာ မန်ချက်စတာ ယူနိုက်တက် ဖြစ်နိုင်မလား

ရီးရဲလ် မက်ဒရစ်အသင်း နည်းပြဟောင်း ဇီဒန်းဟာ ဘိုင်ယန်မြူးနစ် ထက် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ ရာထူးကိုသာ ပိုမို စိတ်ဝင်စားနေတယ်လို့ ဖော်ပြလာခဲ့ပါတယ်။

တကယ်တော့ လတ်တလောမှာ နည်းပြဇီဒန်းဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ သတင်းတွေကြီးနေခဲ့တာဖြစ်ပြီး Mundo Deportivo ကနေ ဖော်ပြလာတဲ့ သတင်းအရဆိုရင်လည်း ဘိုင်ယန်ဟာ ဇီဒန်းကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ အလွန် နီးစပ်နေပြီး အချက်အလက်တချို့သာ ညှိနှိုင်းဖို့ ကျန်နေတော့တယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် ဒီသတင်းနဲ့ မရှေးမနှောင်းမှာပဲ ဇီဒန်းဟာ ယူနိုက်တက်အသင်းရဲ့ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်လျက် ရှိနေပြီး သူ့ကို နည်းပြသစ်အဖြစ် ခန့်အပ်ချင်နေတဲ့ ဘိုင်ယန်ထက် ယူနိုက်တက်ကို ကိုင်တွယ်ဖို့သာ ပိုမို စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းပါ ထွက်ပေါ်လာခဲ့ပါတယ်။

တကယ်တော့ ဇီဒန်းဟာ ယူနိုက်တက် အလွန် အလိုရှိခဲ့တဲ့ နည်းပြတွေထဲက တစ်ဦးဖြစ်ပြီး ယူနိုက်တက်နဲ့လည်း အကြိမ်ကြိမ် သတင်းထွက်ခဲ့သူ ဖြစ်ပေမယ့်လည်း သူရဲ့ အင်္ဂလိပ်ဘာသာစကား အားနည်းမှုနဲ့ အင်္ဂလန် ရာသီဥတုပေါ် နှစ်သက်ခြင်း မရှိမှုတွေကြောင့် ယူနိုက်တက် အပါအဝင် ပရီးမီးယားလိဂ်အသင်းတွေရဲ့ ကြိုးပမ်းမှုတွေကို လစ်လျူရှုခဲ့ပါတယ်။

ဇီဒန်းဟာ ရီးရဲလ် နဲ့ လမ်းခွဲခဲ့တဲ့ ၂၀၂၁ မေလကတည်းကနေ လက်ရှိအချိန်ထိ ကလပ်အသင်းသစ် တစ်သင်းသင်းကို ကိုင်တွယ်ခြင်း မရှိသေးပဲ အသင်းလက်မဲ့အဖြစ်နဲ့သာ ရှိနေခဲ့ပေမယ့်လည်း ဇီဒန်းကိုယ်တိုင်က မကြာခင်မှာပဲ နည်းပြ အလုပ်ကို ပြန်လည် လုပ်ကိုင်သွားတော့မယ်လို့ အသိပေးသွားခဲ့ပါတယ်။

ဒါကြောင့် ဒီရာသီအကုန်မှာ လက်ရှိ အသင်းနည်းပြတွေနဲ့ လမ်းခွဲကြတော့မယ့် ကလပ်အသင်းတွေက ဇီဒန်းကို အတော်လေး စိတ်ဝင်စားလာကြပြီး ဒီအသင်းတွေထဲမှာ ဘိုင်ယန်နဲ့ ယူနိုက်တက်တို့လည်း ပါဝင်နေပါတယ်။

လက်ရှိအခြေအနေမှာတော့ ဇီဒန်းအနေနဲ့ ဘယ်အသင်းကို ကိုင်တွယ်သွားမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပြီး ယူနိုက်တက်ထက် ဘိုင်ယန်ကို ကိုင်တွယ်ဖို့ကတော့ ပိုမို ဖြစ်နိုင်ခြေများနေတယ် လို့ သိရပါတယ်။