အက်ဖ်အေဖလား ရသွားရင် တန်ဟက်ကို မန်ယူ ကန်ထုတ်ဖို့ ခက်သွားမယ်လို့ သတိပေး ထောက်ပြတဲ့ နဗီးလ်
မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်းကြီး ဂယ်ရီနဗီးလ်ကတော့ အသင်းအနေနဲ့ လက်ရှိ နည်းပြအဲရစ်တန်ဟက်ကို အက်ဖ်အေ ဖလားရပြီးမှ ရာထူးကနေထုတ်ပယ်မယ်ဆိုရင်တော့ အခက်အခဲတွေနဲ့ ကြုံတွေ့ရနိုင်တယ်လို့ ထောက်ပြပြောဆို လာခဲ့ပါတယ်။
အရင်ရက်က အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ယူနိုက်တက်ဟာ ကိုဗင်ထရီကို မထင်မှတ်ထားတဲ့ အခြေအနေအထိ ယှဉ်ပြိုင်ခဲ့ရပြီး အနိုင်ရလဒ်ကိုတော့ အရယူကာ ဗိုလ်လုပွဲ တက်ခဲ့တာ ဖြစ်ပါတယ်။

ယခုရာသီမှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရသလို၊ ချန်ပီယံလိဂ်ပြိုင်ပွဲကနေလည်း စောစောစီးစီးထွက်ခွာခဲ့ရသော်လည်း ဂယ်ရီနဗီးလ်ကတော့ နောက်ဆုံးကျန်ရှိတဲ့ အက်ဖ်အေဖလားကို ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင်တော့ အသင်းအနေနဲ့ မန်နေဂျာ အဲရစ်တန်ဟက်ကို ထုတ်ပယ်ဖို့ ခက်ခဲနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
နောက်ခံလူဟောင်းက “သူ့အနေနဲ့ အက်ဖ်အေဖလားကို ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင်တော့ ယူနိုက်တက်အနေနဲ့ အသင်းရဲ့ ပထမဆုံး ရာသီ ၂ ခုမှာ ဆုဖလား ၂ လုံးဆွတ်ခူးပေးနိုင်တဲ့ နည်းပြကို ထုတ်ပယ်ဖို့ ခက်ခဲသွားပါလိမ့်မယ်။ ဆုဖလားတွေ ဆွတ်ခူးနိုင်တဲ့ အင်အားကို လျှော့တွက်လို့မရပါဘူး။
အသင်းရဲ့ အဓိကရည်မှန်းချက်က ဆုဖလားရဖို့ပါပဲ။ အသင်းရဲ့အဖွဲ့အစည်းမှာ တန်ဟက်ကို ထုတ်ပယ်ဖို့ အခွင့်အရေးကောင်းရှိပေမယ့် ဒီလိုဆုဖလားတွေ ဆွတ်ခူးထားနိုင်ရင်တော့ မလွယ်ပါဘူး” လို့ပြောကြားခဲ့ပါတယ်။
တန်ဟက်ရဲ့အသင်းဟာ လက်ရှိပရီးမီးယားလိဂ်မှာတော့ အဆင့် ၄ နေရာက အက်စတွန်ဗီလာနဲ့ ၁၆ မှတ်အထိကွာဟနေတာကြောင့် ရာသီကုန်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့လွဲချော်ဖို့က သေချာသလောက်ဖြစ်နေပါတယ်။
လက်ရှိအချိန်အထိတော့ အသင်းပိုင်ရှင်သစ် ဆာဂျင်မ်ရက်ကလစ်ဖ်ဟာ နည်းပြရာထူးနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ဆုံးဖြတ်ချက်မချရသေးဘူးဆိုပေမယ့် ပြောင်းလဲမှုတွေကိုတော့ စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။
မကြာသေးမီ လများအတွင်းမှာ ယူနိုက်တက်ဟာ နည်းပြသစ်ရာထူးအတွက် ဂရေဟမ်ပေါ်တာနဲ့ ဂါရတ်ဆောက်ဂိတ်တို့ကို ချိတ်ဆက်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ထားပါတယ်။