ကိုဗင်ထရီ ကစားသမားတွေရှေ့မှာ လှောင်ပြောင်အောင်ပွဲခံခဲ့တဲ့ မန်ယူ တိုက်စစ် အန်တိုနီ ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရပါတယ်

မန်ချက်စတာ ယူနိုက်တက် တောင်ပံတိုက်စစ်ကစားသမား အန်တိုနီဟာ အက်ဖ်အေဖလား ဆီမီးနိုင်ပွဲ ရအပြီးမှာ ကိုဗင်ထရီ ကစားသမားတွေနဲ့ ပြိုင်ဘက်ပရိသတ်တွေကို လှောင်ပြောင် အောင်ပွဲခံခဲ့တဲ့ လုပ်ရပ်ကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရပါတယ်။

FA ဖလား ဆီမီးဖိုင်နယ်ပွဲမှာ ယူနိုက်တက်အသင်းဟာ တွမ်မီနေး၊ မက်ဂွိုင်းယား၊ ဘရူနိုဖာနန်ဒက်စ်တို့ရဲ့ဂိုးတွေနဲ့ ၃-၀ ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပြီးမှ အနိုင်ရလဒ်ကို မထိန်းနိုင်ဘဲ ချေပဂိုးတွေ ပြန်ပေးခဲ့ရပါတယ်။

ကိုဗင်ထရီအသင်းအတွက် ချေပဂိုးတွေကို အဲလစ်ဆင်းစ်၊ ကော်လန်အိုဟဲနဲ့ ဟာဂျီရိုက်တို့က သွင်းယူခဲ့သလို အချိန်ပိုပြီးခါနီးမှာ ကွင်းလယ်လူ ဗစ်တာတော့ပ်က အနိုင်ဂိုးသွင်းခဲ့ပေမဲ့ အဲဒီမတိုင်ခင် ဟာဂျီရိုက် လူကျွံနေတာကြောင့် VAR က ဂိုးမပေးခဲ့ပါဘူး။

အဲဒါကြောင့် ဆက် ကစားခဲ့တဲ့ ပယ်နယ်တီအဆုံးအဖြတ်မှာ ယူနိုက်တက်က ၄-၂ ဂိုးနဲ့အနိုင်ရခဲ့ပြီး ယူနိုက်တက်ကစားသမား အများစုက အောင်ပွဲ မခံခဲ့ကြပေမဲ့ အန်တိုနီကတော့ ကိုဗင်ထရီ ကစားသမားတွေနဲ့ ပြိုင်ဘက်ပရိသတ်တွေရှေ့ကို လှည့်ပြီးတော့ သူ့ရဲ့နားကို လက်နဲ့ကပ်ပြီး လှောင်ပြောင်အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

အဲဒီလုပ်ရပ်အတွက် ပရိသတ်တွေက ‘ဒီကောင်ကတော့ လုံး၀ အရှက်မရှိတဲ့ကောင်ပဲ . .’၊ ‘ယူနိုက်တက်အသင်းရဲ့ အဆင့်အတန်းက ပိုပြီးကျဆင်းလာပါပြီ’၊ ‘အန်တိုနီကို ကြည့်ရတာ သူတို့အသင်း ကမ္ဘာ့ဖလားချန်ပီယံဆု ရသွားပြီလို့ထင်ထားပုံပါပဲ’ဆိုပြီး X (Twitter)မှာ ဝေဖန်ရေးသားခဲ့ပါတယ်။

ဒါ့အပြင် ဂျာနယ်လစ်တစ်ဦးဖြစ်သူ ရှောင်ဝတ်ရှ်က “ကျွန်တော်မြင်ဖူးသမျှထဲမှာ အန်တိုနီရဲ့အောင်ပွဲခံပုံက အရှက်မရှိဆုံးအပြုအမူပါပဲ”လို့ ဝေဖန်ခဲ့ပြန်ပါတယ်။

ဘောလုံးပွဲသုံးသပ်သူဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ်တိုက်စစ်မှူးဟောင်း ကလင်တန်မော်ရစ်ဆင်ကလည်း “အန်တိုနီဟာ ကိုယ့်ကိုယ်ကိုယ်ပဲ အဓိက အာရုံစိုက်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နောက်ရာသီကျရင် သူက လိဂ်ချန်ပီယံရှစ်မှာ သွားကစားရဖို့ရှိနေတာကြောင့်ပါပဲ”ဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်ခဲ့ပါတယ်။