ပရိသတ်တွေ မချင့်မရဲ ဖြစ်ကြပေမယ့် ဒဏ်ရာ ပြဿနာတွေကြားကနေ ရှက်ဖီးလ်ကို အပြတ် အနိုင်ယူခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်
ယနေ့မနက် အစောပိုင်းက ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ ရှက်ဖီးလ် ယူနိုက်တက်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူအသင်းက ၄-၂ နဲ့ အနိုင်ရရှိခဲ့ပါတယ်။
ရာသီကုန် ဥရောပဝင်ခွင့်အတွက် တိုက်ပွဲဝင်နေဆဲ ဖြစ်တဲ့ မန်ယူအသင်းဟာ ယနေ့ပွဲမှာ ရှက်ဖီးလ်ကို အနိုင်ရခဲ့တယ်ဆိုပေမယ့် အမှတ်ပေးဇယား အောက်ဆုံးက အသင်းရဲ့ ဦးဆောင်ခြင်းကို ခံခဲ့ရပြီးမှ ချေပဂိုးတွေ လိုက်လံသွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး ပရိသတ်တွေအတွက်တော့ အနည်းငယ် မချင့်မရဲ ဖြစ်ခဲ့ရပါတယ်။

အိမ်ကွင်းမှာ လက်ခံကစားခဲ့ရသလို ဟော့ဂျ်လန်း၊ ဂနာချို၊ အန်တိုနီ၊ ဖာနန်ဒက်စ်၊ စတဲ့ တိုက်စစ် ကစားသမား အစုံအလင်ထည့်သွင်းသွားခဲ့ပြီး ပြိုင်ဘက်အသင်းကို ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် ရှက်ဖီးလ်ရဲ့ ထင်မှတ်မထားတဲ့ အခွင့်အရေးတွေကြောင့် ယခုလို နောက်ကနေ လိုက်လံကစားခဲ့ရတာ ဖြစ်ပါတယ်။
လာမယ့်ရာသီ ချန်ပီယံရှစ်မှာ သွားရောက် ကစားဖို့ သေချာနေပြီ ဖြစ်တဲ့ ရှက်ဖီးလ်ကတော့ ယနေ့ပွဲမှာ မန်ယူအသင်းကို သူတင်ကိုယ်တင် မကစားနိုင်ခဲ့ပေမယ့် ရရှိလာတဲ့ အခွင့်အရေးတွေကို အကောင်းဆုံး အသုံးချသွားခဲ့ပြီး ပရိသတ်တွေကို ရင်ခုန်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
ယနေ့ပွဲရဲ့ အဖွင့်ဂိုးကိုလည်း ဘိုဂလီက ရှက်ဖီးလ်အတွက် စတင် သွင်းယူပေးခဲ့တာ ဖြစ်ပြီး မက်ဂွိုင်းယားက ပြန်လည် ချေပပေးခဲ့တာကြောင့် ပထမပိုင်းကို ၁-၁ အဆုံးသတ်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်း မိနစ် ၅၀ မှာလည်း ရှက်ဖီးလ်အတွက် ဒီယက်ဇ်က နောက်ထပ် ဦးဆောင်ဂိုး ထပ်မံသွင်းယူပေးခဲ့ပါတယ်။
ယနေ့ပွဲမှာ ကစားအားကျနေတဲ့ အန်တိုနီကို ဒုတိယပိုင်းမှာ လူစားလဲခဲ့ပြီး ဖာနန်ဒက်စ်က ပင်နယ်တီ အပါအဝင် သွင်းဂိုး ၂ ဂိုး ဆက်တိုက် သွင်းယူပေးခဲ့ကာ ဟော့ဂျ်လန်းကလည်း အဆုံးသတ် သွင်းဂိုးကို ထပ်မံသွင်းယူပေးခဲ့တာကြောင့် ပွဲက ၄-၂ နဲ့ အဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ်။
လက်ရှိ အမှတ်ပေးဇယား အခြေအနေအရ ရှက်ဖီးလ်က ရမှတ် ၁၆ မှတ်နဲ့ ဇယား အောက်ဆုံးမှာ ရပ်တည်နေပြီး မန်ယူအသင်းကတော့ ဥရောပ ဝင်ခွင့်နဲ့ ၇ မှတ်အကွာ အဆင့် ၆ မှာ ရပ်တည်နေပါတယ်။