ပရီးမီးယားလိဂ် ကြယ်ပွင့် တိုက်စစ်မှုး ဟာလန်း၊ ဆာလာ၊ ဆာကာ တို့ထက်တောင် ဂိုးသွင်းခြေတွေ့နေတဲ့ မက်ဂွိုင်းယား

မနေ့ညက မန်ယူအသင်းရဲ့ ရှက်ဖီးယူကို ၄-၂ နဲ့ အနိုင်ရခဲ့တဲ့ ပွဲ အပြီးမှာ မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ မက်ဂွိုင်းယားရဲ့ခြေစွမ်းနဲ့ ပတ်သက်လို့ မန်ယူပရိသတ်တွေက အတော် ကျေနပ်အားရနေကြပါတယ်။

သူ့အပေါ် အားလုံးရဲ့အမြင် မှားယွင်းကြောင်းကို မက်ဂွိုင်းယားက သက်သေပြနိုင်ခဲ့တာပါ။ ရှက်ဖီးယူနဲ့ပွဲမှာ မက်ဂွိုင်းယားဟာ မန်ယူအတွက် ခေါင်းတိုက်ချေပဂိုးသွင်းပေးခဲ့ပါတယ်။

ဒါ့အပြင် အဲဒီပွဲက မန်ယူရခဲ့တဲ့ ပင်နယ်တီဟာ ၃၁ နှစ်အရွယ် နောက်ခံလူကြောင့်ပါ။ ကိုဗင်ထရီနဲ့အက်ဖ်အေဖလားပွဲတုန်းကလည်း ဂိုးသွင်းခဲ့သေးတာကြောင့် မက်ဂွိုင်းယားဟာ ဧပြီလထဲမှာ မန်ယူအတွက် ၂ ဂိုးရှိသွားပါတယ်။

အခုဧပြီလထဲက ပင်နယ်တီမဟုတ်တဲ့ ဂိုးအရေအတွက်မှာဆို ၁ ဂိုးစီသာရှိသေးတဲ့ ဟာလန်း၊ ဆာကာ၊ မိုဆာလာတို့ထက် မက်ဂွိုင်းယားက ပိုများတာပါ။ ဒါဟာ ပရီးမီးယားလိဂ် ကြယ်ပွင့် တိုက်စစ်မှုးတွေထက်တောင် စွမ်းဆောင်ပြထားတယ် ဆိုတဲ့ အချက်အလက် တစ်ခုပါပဲ။

ကပ္ပတိန်လက်ပတ်ရုပ်သိမ်းခံရပြီးနောက် ပြီးခဲ့တဲ့နွေမှာ မက်ဂွိုင်းယားရဲ့မန်ယူအနာဂါတ်ဟာ ဘာမှန်းမသိ ဖြစ်ခဲ့ပါတယ်။

မန်ယူက သူ့ကို ရောင်းဖို့ လုပ်ခဲ့ပေမယ့် သူက မန်ယူကနေထွက်ခွာဖို့ ငြင်းဆန်ခဲ့ပြီး နေရာအတွက် ဆက်လက်တိုက်ပွဲဝင်ခဲ့ တာပါ။

အခုဆို မန်ယူအတွက် ရုန်းကန်နေရတဲ့ရာသီတစ်ခုမှာ မက်ဂွိုင်းယားဟာ ကလပ်ရဲ့ခြေစွမ်းပြကစားသမား အနည်းငယ်ထဲက တစ်ယောက်ဖြစ်လာပါတယ်။

အဲဒါကြောင့်လည်း ရှက်ဖီးယူနဲ့ပွဲအပြီး လာမယ့်ရာသီကျ မက်ဂွိုင်းယားကို ဆက်ထိန်းဖို့ ပရိသတ်အချို့က တောင်းဆိုလာကြတာပါ။