ဒီည အိုးထရက်ဖို့ဒ်မှာ ကန်မယ့် မန်ယူ – ဘန်လေ ပွဲ ဘယ်လို ဂိုးရလဒ်တွေ ထွက်ပေါ်လာမလဲ ခရစ်ဆက်တန် သုံးသပ် ဟောကိန်းထုတ်

မန်ချက်စတာ ယူနိုက်တက်အသင်း ဒီည အိုးထရက်ဖို့ဒ်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် ဘန်လေ အသင်း ကို ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်။ ပွဲကတော့ ဒီနေ့ စနေနေ့ည ၈ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင် ကြမှာပါ။

ဘီဘီစီ သတင်းဌာနမှ ခရစ်ဆက်တန် က မန်ချက်စတာ ယူနိုက်တက်နဲ့ ဘန်လေ ပွဲစဉ် အတွက် ကြိုတင် သုံးသပ် ခန့်မှန်းချက် ထုတ်ထားပြီ ဖြစ်ပါတယ်။

ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်

မန်ချက်စတာ ယူနိုက်တက် ကြည့်ရတာ ဘာမှ လွယ်ကူနေတာ မရှိသလိုပါပဲ။ ဒါကို ဒီကြားရက်က ပွဲမှာလည်း သူတို့ ပြသခဲ့ပါသေးတယ်။

ဇယားအောက်နားက ရှက်ဖီးအသင်းနဲ့ တွေ့မှာ ဖြစ်လို့ သူတို့ိကို အနိုင်လို့ ကျွန်တော် ခန့်မှန်းခဲ့တာတောင် ပွဲ မနိုင်ခင် နှစ်ကြိမ် တိုင်တိုင် သူတို့ နောက်က လိုက် ကစားခဲ့ရတယ်။

ဘန်လေကတော့ ပရီးမီးယားလိဂ်မှာ ဆက်ရှိတော့မှာပါ။ သူတို့ စွမ်းဆောင်ရည်တွေကို ကြည့်မယ် ဆိုရင် တည်ငြိမ်မှုလည်း ရှိတယ်။ တိုးတက်လာတာလည်း တွေ့ရတယ်။ နောက်ဆုံး ကစားထားတဲ့ ၇ ပွဲမှ တစ်ပွဲ ပဲ ရှုံးထားတယ်။

ဒီပွဲကိုလည်း သူတို့ ကြိုးစားဦးမှာပါပဲ။ ဒီရာသီ အစောပိုင်း ဘန်လေကွင်း မှာ ကန်တုန်းကလည်း ယူနိုက်တက်ကို အတော်ကြီး ယှဉ်ကစားနိုင်ခဲ့တယ်။ ဘရူနို ဖာနန်ဒက်စ်ရဲ့ ကန်ချက် အလန်း ကြောင့်သာ သူတို့ အရေးနိမ့်ခဲ့ရတာ။

ကျွန်တော်က ဖာနန်ဒက်စ်ရဲ့ အပြုအမူတွေကို အမြဲ သဘောကျလေ့ ရှိသူ မဟုတ်ပါဘူး။ ဒါပေမယ့် အဲရစ် တန်ဟက် အသင်း အတွက် သူက အရေးကြီးတဲ့ ကစားသမားပါ။ ကြားရက်ကပွဲတုန်းကလည်း သူ ဆယ်တင်ခဲ့သလို ဒီပွဲမှာလည်း သူပဲ အခရာကျဦးမှာပါပဲ။

ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ်

မန်ချက်စတာ ယူနိုက်တက် ၂-၁ ဘန်လေ။