သူ့ကို စိတ်ဒုက္ခပေးတဲ့ သတင်းဌာန ၃ ခု အား မေးခွင့် ပိတ်လိုက်တဲ့ မန်ယူ နည်းပြ အဲရစ် တန်ဟက်
မန်ချက်စတာ ယူနိုက်တက် နည်းပြအဲရစ်တန်ဟက်ဟာ သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းဌာန ၃ ခုအား မေးခွန်းမေးမြန်းခွင့် ပိတ်ပင်ခဲ့ပါတယ်။
နည်းပြ တန်ဟက် ဟာ The Sun ၊ The Mirror နှင့် Machester Evening News တို့မှ သတင်းထောက်များရဲ့ မေးမြန်းမှုကို ဖြေဆိုခဲ့ခြင်း မရှိတာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ သတင်းစာရှင်းလင်းပွဲသို့ ယင်းသတင်းဌာနတို့မှ သတင်းထောက်များ တက်ရောက်လာခဲ့ကြပေမဲ့လည်း မေးခွန်းမေးခွင့် မပေးခဲ့ပါဘူး။
ယူနိုက်တက်နှင့် အဲရစ်တန်ဟက်တို့ဟာ တနင်္ဂနွေနေ့တုန်းက ဝင်ဘာလေကွင်းတွင် ကိုဗင်ထရီကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရတဲ့ အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲစဉ်အပြီးတွင် အကျယ်တဝင့် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရပါတယ်။
ယူနိုက်တက်ဟာ ချန်ပီယံရှစ်ကလပ်ကို ၃-၀ ဂိုးဖြင့် အနိုင်ရထားပြီးမှ ချေပဂိုး ၃ ဂိုးပြန်ပေးခဲ့ရကာ ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။
အဲရစ်တန်ဟက်ဟာ ယခုရာသီအစောပိုင်းတုန်းကလည်း အသင်းနှင့်ပတ်သက်တဲ့ မကောင်းသတင်းကို ဖွင့်ချရေးသားတဲ့ သတင်းဌာန ၄ ခုအား ပိတ်ပင်မှု ပြုလုပ်ခဲ့ဖူးပါတယ်။
ယူနိုက်တက်ဟာ ပရီးမီးယားအမှတ်ပေးဇယားအဆင့် ၆ နေရာမှာ ရပ်တည်နေပြီး ဒီ စနေနေ့တွင် တန်းမဆင်းရရေး တိုက်ပွဲဝင်နေတဲ့ ဘန်လေနှင့် ရင်ဆိုင်ကစားရပါမယ်။