မန်ယူမှာ အခြေအနေ မကောင်းတာကို ကောင်းဟန်လုပ်၊ အယုံသွင်း ဝါဒဖြန့်နေတဲ့ နည်းပြ တန်ဟက် အကြောင်း ဂန်းနားဟောင်းကြီး ဖော်ထုတ်

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟတ်ဟာ လူတိုင်းကို အရူးလုပ်ပြီး ဝါဒဖြန့်တဲ့ စကားတွေပဲ ပြော နေတယ်လို့ ဂန်းနားဟောင်းကြီး မာတင်ကီယွန်က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်က ကစားခဲ့တဲ့ ဘန်လေနဲ့ ပွဲမှာ ယူနိုက်တက်ဟာ အိမ်ရှင်ဖြစ်ပေမဲ့လည်း ဧည့်သည် ဖြစ်တဲ့ ဘန်လေက ဘောလုံး ပိုင်ဆိုင်မှု ပိုသာခဲ့သလို ဂိုးကန်သွင်းမှု ၁၆ ကြိမ်အထိ လုပ် ပြခဲ့ပါတယ်။

နောက်ပြီး မန်ယူအသင်းရဲ့ ဦးဆောင်ဂိုးကလည်း ပြိုင်ဘက် ကစားသမား တွေရဲ့ အမှားကြောင့် အန်တိုနီက သွင်းနိုင်ခဲ့တာပါ။

ဒါပေမဲ့ ပြီးခဲ့တဲ့ည အိုးလ်ထရက်ဖို့ဒ် ပွဲမှာ မန်ယူဟာ အခွင့်အရေးတွေ အများကြီး ရှိခဲ့တယ်လို့ တန်ဟတ်က ပြောပါတယ်။

” လက်ရှိအချိန်မှာတော့ ကျွန်တော်တို့အသင်းဟာ ဒီလိဂ်ပြိုင်ပွဲမှာ ပေါက်ကွဲအား အပြင်း ဆုံး အသင်းတွေထဲက တစ်သင်းပါ။ ကစားပုံကောင်းကောင်းနဲ့တူ ကျွန်တော်တို့ဟာ အခွင့်အရေးတွေ အများကြီး ဖန်တီးခဲ့တယ်။” ဆိုပြီး တန်ဟတ်က ဘီဘီစီ သတင်းဌာနကို ပြောခဲ့တာပါ။

ဒီအတွက် ဘောလုံး ရေးရာ ဝေဖန်သူတစ်ယောက်အဖြစ် လုပ်နေတဲ့ အာဆင်နယ် နောက်ခံလူဟောင်း မာတင် ကီယွန်က

” နောက်ဆုံး ပြောခဲ့တဲ့ ပွဲပြီး ပြောစကား အင်တာဗျူး ၁၀ ကြိမ်၊ ၁၅ ကြိမ်လောက် ကို ကြည့်လိုက်။ သူပြောတာတွေက တစ်ပုံစံတည်းပဲ။ မရှိတဲ့ဟာကို အယုံသွင်းပြီး ဝါဒ ဖြန့်သလို ဖြစ်နေတယ်။

သူက အောင်မြင်တယ်လို့ ပြောနေတာ ဘာကို ပြောလဲဆိုတာ ကျွန်တော် မသိတော့ဘူး။ မန်ယူကို သွားပုပ်လေလွင့် ပြောဖို့အတွက် ကျွန်တော်တို့ ဒီမှာ ထိုင်နေကြတာ မဟုတ်ပါဘူး။

သူတို့ကို ပြန်ပြီး ကောင်းလာစေချင်ပါတယ်။ သူတို့ ကစားပုံ ကောင်းတာ ကျွန်တော်တို့ မြင်ချင်တယ်။ ဒီပွဲက တကယ်ကောင်းတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ခဲ့ ပါတယ်။

ဘာကြောင့်လဲဆိုတော့ မန်ယူက လုံးဝကို ဟာလာဟင်းလင်းကြီး ဖြစ်နေလို့ပါ။ ဘန်လေက တန်းဆင်းဇုန်ရဲ့ ဒုတိယနေရာမှာ ရှိနေတဲ့ အသင်းဖြစ်ပြီး ဂိုးကန်ချက်က ၁၆ ကြိမ်တောင် ရှိတယ်တဲ့။ ဒါပဲလေ ” လို့ ကီယွန်က ပွဲမြင်ကွင်း သုံးသပ်မှု အစီအစဉ် တစ်ခု မှာ ပြောသွားခဲ့တာပါ။