ဆာအဲလက်စ်ရဲ့ ရွန်းနီ၊ ရော်နယ်ဒိုတို့ ခေတ်ကတောင် မန်ယူက ရုန်းကန်ရတာပဲ လို့ လက်ညှိုးထိုးလိုက်တဲ့ တန်ဟက်
လက်ရှိ မန်ချက်စတာ ယူနိုက်တက်အသင်းကို သတင်းဌာနတွေကနေ တဆင့် တောက်လျှောက် ဝေဖန်နေကြတဲ့ သရဲနီ ဂန္တဝင် အုပ်စု ဖာဒီနန်၊ ရွိုင်ကိန်း၊ နဗီးနဲ့ စခိုးတို့ကို နည်းပြ အဲရစ်တန်ဟက်က တုန့်ပြန်လာခဲ့ပြီ ဖြစ်ပါတယ်။
တန်ဟက်ကတော့ တည်ငြိမ်မှု မရှိသေးတဲ့ အသင်း ရလဒ်နဲ့ ကစားဟန် အပေါ် ကာကွယ် ပြောဆိုခဲ့ပြီး ဆာအဲလက်စ် ဖာဂူဆန် ခေတ်တုန်းက အခြေအနေတွေနဲ့ပါ နှိုင်းယှဉ်ပြောဆိုလိုက်ပါတယ်။

နည်းပြတန်ဟက်က ” ကျနော်တို့ဟာ ပရီးမီးယားလိဂ်ရဲ့ ပေါက်ကွဲမှု အကောင်းဆုံး၊ ဖျော်ဖြေမှု အပေးနိုင်ဆုံး အသင်းတွေထဲက တသင်းပါ ” လို့ လက်ရှိ အသင်းအပေါ်လည်း ယုံကြည်မှု ရှိရှိ ပြောခဲ့ ပါတယ်။
ဒါ့အပြင် တန်ဟက်က လက်ရှိ ယူနိုက်တက် အသင်းကို ဆာအဲလက်စ် ဖာဂူဆန်ခေတ်နဲ့ နှိုင်းယှဉ်လိုက်ပြီး တည်ဆောက်နေဆဲ ကာလမို့ စိတ်ရှည်ပေးရမယ်လို့ သတိပေးမှုလည်း လုပ်ခဲ့ပါတယ်။
တန်ဟက်က ‘ လူတွေက ၂၀၀၄-၂၀၀၅ တုန်းက ယူနိုက်တက်ကို မေ့နေကြတယ်။ ရွန်းနီ၊ ရော်နယ်ဒိုတို့နဲ့ အသင်းသစ်ကို ဆာအဲလက်စ် အထိုင်ချနေချိန် သူတို့တွေကလည်း ကောင်းကောင်း ကစားနိုင်ခဲ့တာ မဟုတ်ပါဘူး။
သူတို့ ပြန်တည်ဆောက်နေချိန်မှာ အချိန်ယူခဲ့ရတာပဲလေ။ ဒါကို အားလုံး မေ့နေကြတယ်။ အဲ့အသင်းမှာ ပါဝင်ခဲ့ဖူးတဲ့ ကစားသမားဟောင်းတွေ ကိုယ်တိုင်ပေါ့ ‘ လို့ တုန့်ပြန်ခဲ့တာပါ။
ဒီရာသီ တန်ဟက်ရဲ့ ပွဲပြီး အင်တာဗျူးတွေဟာ အတော်လေးကို ဝေဖန်ခံနေရတာဖြစ်ကာ လာမယ့်ရာသီ ယူနိုက်တက်မှာ ဆက်ရှိနေဖို့ အခွင့်အရေး နည်းမယ် လို့ ယူဆနေကြပါတယ်။