ဘရူနိုဖာနန်ဒက်စ် ပြောင်းရွှေ့ဖွယ် ရှိတဲ့ ကလပ် ၅ သင်း ကို ရွေးထုတ်လာတဲ့ အင်္ဂလန်သတင်းဌာန

နွေရာသီကျရင် အသင်းကနေ ဘရူနိုဖာနန်ဒက်စ် ထွက်ခွာဖွယ် ရှိတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်လောလောင်လောင် ထွက်ပေါ်နေလို့ မန်ချက်စတာယူနိုက်တက် ပရိသတ်တွေ အတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်သူ ဘရူနိုဖာနန်ဒက်စ်ဟာ ၂၀၂၀ ဇန်နဝါရီလတုန်းက စပို့တင်းလစ္စဘွန်းအသင်းကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ပြီး ဂန္ထဝင်နည်းပြကြီးဖာဂူဆန်ခေတ်လွန်နောက်ပိုင်း ယူနိုက်တက်အသင်းရဲ့ အအောင်မြင်ဆုံးကစားသမား ခေါ်ယူမှုအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

အသင်းအတွက် ပွဲထွက်ကစားခွင့်ရချိန်ကစလို့ ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်ရဲ့အဓိကကွင်းလယ်လူအဖြစ် ပါဝင်ကစားနေပြီး ပရီးမီးယားလိဂ်ပွဲပေါင်း ၁၅၇ ပွဲကစား၊ ၅၄ ဂိုးသွင်း၊ ဂိုးဖန်တီးမှု အကြိမ် ၄၀ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒီရာသီမှာ ယူနိုက်တက်အသင်းဟာ စိတ်ပျက်စရာရလဒ်တွေနဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ပြီဖြစ်တာကြောင့် ‘ဆာ’ဂျင်ရက်ကလစ်ဖ်တို့ ဘုတ်အဖွဲ့က လာမဲ့နွေရာသီကျရင် ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်ဖို့အတွက် လက်ရှိအသင်းရဲ့ကစားသမားတော်တော်များများကို ရောင်းချငွေရှာသွားဖို့ပြင်ဆင်နေပါတယ်။

ယူနိုက်တက်အသင်း ရောင်းချဖို့ရှိတဲ့ ကစားသမားတွေထဲမှာ ရပ်ရှ်ဖို့ဒ်အပြင် ဘရူနိုဖာနန်ဒက်စ်လည်း ပါဝင်နိုင်ခြေရှိတယ်လို့ သတင်းတွေထွက်ပေါ်နေသလို ဘရူနိုဖာနန်ဒက်စ်ကလည်း ယူရိုပြိုင်ပွဲအပြီးမှာ သူ့ရဲ့အနာဂတ်ကို စဉ်းစားသွားဖို့ရှိတယ်ဆိုပြီးတော့ DAZN ရုပ်သံနဲ့အင်တာဗျူးမှာ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ရဲ့ပြောစကားက မီဒီယာတွေပေါ်မှာ လှုပ်ခတ်သွားစေပြီး ယူနိုက်တက်နဲ့လမ်းခွဲဖြစ်ရင် ဘရူနိုဖာနန်ဒက်စ်တစ်ယောက် ဘယ်ကိုသွားမလဲဆိုတာ အပြိုင်အဆိုင် ခန့်မှန်းနေကြပါတယ်။

အင်္ဂလန် သတင်းတွေကတော့ က ဘရူနိုဖာနန်ဒက်စ် ပြောင်းရွှေ့ဖြစ်ရင် ရွေးချယ်ဖွယ် ရှိတဲ့ ကလပ်အသင်းတွေကို သုံးသပ်ဖော်ပြခဲ့ပါတယ်။

The Sun သတင်းစာရဲ့ဖော်ပြချက်အရ ဘရူနိုဖာနန်ဒက်စ်ဟာ ဥရောပထိပ်သီးအသင်းတွေဖြစ်တဲ့ ဘာစီလိုနာ၊ ရီးယဲလ်၊ ဂျူဗင်တပ်စ်၊ PSG အသင်းတို့ကို ရောက်ဖို့ရှိသလို ပေါ်တူဂီလက်ရွေးစင်အသင်းဖော် စီရော်နယ်လ်ဒိုရှိရာ ဆော်ဒီလိဂ်လည်း ပြောင်းရွှေ့ဖွယ် ရှိပါတယ်။