မန်ယူ မန်နေဂျာရာထူးအတွက် သတင်းကြီးနေမှုအပေါ် ဘရန်ဒန်ရော်ဂျာ ပြောလာပါပြီ
ယူနိုက်တက်အလုပ်နဲ့ ချိတ်ဆက်ခံရမှုတွေ ရှိခဲ့ပေမယ့် အဲ့ဒီ့လို ထင်ကြေးပေးမှုတွေက ဘောလုံးရာသီကို ပိုကောင်းလာအောင် အားသွန်းဖို့ မျှော်လင့်နေတဲ့ လက်စတာ ကစားသမားတွေအပေါ် ဆိုးကျိုးသက်ရောက်စေနိုင်တယ်လို့ လက်စတာနည်းပြ ဘရန်ဒန် ရော်ဂျာက မှတ်ချက်ပေးပါတယ်။
အိုးထရက်ဖို့ဒ် အကြီးအကဲတွေဟာ နိုင်ငံတကာ သီတင်းပတ်အတွင်း နော်ဝေကို ပြန်ပြီးအနားယူခဲ့တဲ့ ဆိုးရှားကို ထုတ်ပယ်ဖို့ တိုက်တွန်းမှုတွေကို တင်းခံထားခဲ့တယ်။ ဒီကာလတွေအတွင်း ရော်ဂျာက ဆိုးရှားနေရာ ဆက်ခံမယ်လို့ နာမည်ကြီးခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဘူး။
ဆိုးရှားဟာ ယူနိုက်တက်ရဲ့ ဥရောပ ကံကြမ္မာကို ဆုံးဖြတ်ပေးမယ့် အဓိက အခိုက်အတန့်တစ်ခုကို ရောက်နေသလို လိဂ်မှာလည်း ချယ်ဆီး၊ အာဆင်နယ်တို့လို အသင်းတွေနဲ့ တွေ့ရဖို့ ရှိသေးတာ ဖြစ်ပါတယ်။

ဒီတစ်ပတ် ချယ်ဆီးနဲ့ ပွဲကြိုမှာ ရော်ဂျာက “အဲ့ဒီ့ ကောလာဟလတွေက ကျွန်တော့်ကို မထိခိုက်စေပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က ချယ်ဆီးနဲ့ တွေ့ရမယ့် နောက်ပွဲကိုပဲ အာရုံစိုက်ထားတာ။ ဒါပေမယ့် ပရိသတ်တွေနဲ့ ကစားသမားတွေကိုတော့ စိတ်ပျက်စေပါလိမ့်မယ်။
တစ်ယောက်ယောက် အပြင်မှာ ပြောနေကြတဲ့ သတင်းတွေကို ဖတ်မိရင် မတည်မငြိမ် ဝေဝါးသွားစေနိုင်ပါတယ်။ ကျွန်တော်က လက်စတာနည်းပြပါ။ ဒီမှာ ရှိနေရတာကို ဂုဏ်ယူပြီး အပြည့်အဝ အာရုံစိုက်ထားတယ်။ ဘေးက ဆူညံသံတွေက ကျွန်တော်တို့ ထိန်းချုပ်လို့မရတဲ့ အရာပါ”လို့ ပြောဆိုခဲ့ပါတယ်။
သူနဲ့ လက်စတာ အသင်းပိုင်ရှင်ကြားမှာ ကောင်းမွန်တဲ့ အလုပ်ဆက်ဆံရေးကို ရော်ဂျာက ဆက်ထိန်းသိမ်းထားတာပါ။ “ကျွန်တော် ခွန်တော့နဲ့ သူ့ဖခင်ရဲ့အမွေကို ထိန်းသိမ်းမှုအပေါ် သိပ်ပြီး လေးစားမှုရှိပါတယ်။ ကျွန်တော်က မှန်ကန်တဲ့လူတွေရှိတဲ့ မှန်ကန်တဲ့နေရာမှာ ရောက်နေတယ်လို့ ခံစားရတယ်” လို့ ရော်ဂျာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။