မန်ယူက တစ်သင်းလုံး အရောင်းစာရင်း တင်ထားတာ ဟုတ်မလားဗျာ လို့ ဝင်ဖြေရှင်းလာတဲ့ ဂယ်ရီနဗီးလ်
မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းကြီး ဂယ်ရီနဗီးလ်က အသင်းဟာ လာမယ့်နွေရာသီမှာ အပြောင်းအလဲတွေပြုလုပ်သွားမှာဖြစ်ပေမယ့် အသင်းရဲ့ကစားသမားတွေ အကုန်လုံးကို ရောင်းချသွားမယ်ဆိုတဲ့ သတင်းတွေကတော့ မဟုတ်ဘူးလို့ ငြင်းချက်ထုတ်ခဲ့ပါတယ်။
ဒီတလော ရလဒ်ဆိုးတွေနဲ့ တောက်လျှောက်ကြုံတွေ့ခဲ့ရတဲ့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် နောက်ဆုံး ၆ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားတာကြောင့် နည်းပြ အဲရစ်တန်ဟက်အနေနဲ့လည်း ဖိအားတွေများနေပြီး လာမယ့် နွေရာသီမှာ အသင်းကနေ ထုတ်ပယ်ခံရတော့မယ်လို့ သတင်းတွေ ထွက်ပေါ်ထား ပါတယ်။

ယူနိုက်တက်နဲ့ အသင်းရဲ့တွဲဖက်ပိုင်ရှင်သစ် ဆာဂျင်မ်ရက်ကလစ်ဖ်တို့ဟာ ရာသီကုန်မှာ အသင်းကို ပြောင်းလဲမှုတွေ အများအပြားပြုလုပ်မယ့် အရိပ်အယောင်တွေပြသထားတာကြောင့် ယူနိုက်တက်နဲ့ ပတ်သက်တဲ့ ကောလာဟလတွေက ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့ပါတယ်။
တယ်လီဂရပ်ဖ် ရဲ့အဆိုအရ ယူနိုက်တက်ဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့အတွက် ဟွိုက်လန်း၊ မိုင်နူးနဲ့ ဂါနာချိုတို့ကလွဲပြီး အသင်းရဲ့ကစားသမား အားလုံးကို အရောင်းစာရင်း တင်ထားတယ်လို့သိရပါတယ်။
ယခုအခါမှာတော့ အဆိုပါသတင်းတွေက မှန်ကန်မှုမရှိကြောင်းကို ဂယ်ရီနဗီးလ်က အခုလို ဖြေရှင်းလာပါတယ်။
“ဒီသတင်းတွေက အမှန် မဟုတ်ပါဘူး။ မိုင်နူးကို မရောင်းဘူးဆိုတာကတော့ ဟုတ်တယ်လေ။ ဒါက ဖြစ်မှမဖြစ်နိုင်တာပဲ။ ပြီးတော့ ဟွိုက်လန်းလည်း အတူတူပါပဲ။ ယူနိုက်တက်က ပြောင်းလဲမှုတွေပြုလုပ်သွားမှာပါ။ အခု အသင်းရဲ့အခြေအနေက ချဲလ်ဆီးလိုပဲ တည်ငြိမ်မှုမရှိသေးပါဘူး။
အသင်းရဲ့ ထိပ်ပိုင်းရာထူးတွေမှာ အပြောင်းအလဲတွေရှိနေသလို သူတို့ကလည်း နောက်ထပ်အပြောင်းအလဲတွေထပ်လုပ်ကြဦးမှာပါ။ ပြီးတော့ ကျွန်တော်တို့ အသင်းရဲ့ကစားသမားတွေကို နွေရာသီတိုင်းမှာ ရောင်းချကြပါတယ်။
အခုလို ခေါင်းကြီးပိုင်းသတင်းတွေကတော့ မှန်ကန်မှု မရှိပါဘူး။ ဒီအတွက်လည်း တာဝန်ယူစေချင်ပါတယ်။ သတင်းတစ်ခုကို တွေ့ရင်လည်း စစ်မှန်တဲ့ သတင်းရင်းမြစ်ကို ရှာဖွေကြဖို့ လိုပါတယ်” လို့ပြောကြားခဲ့ပါတယ်။