မန်ယူကနေ ထွက်ရရင် တန်ဟက်ကို ခေါ်ချင်တဲ့ နောက်ထပ် ဥရောပ ထိပ်သီးကလပ် တစ်သင်း ပေါ်လာပြန်ပါပြီ

ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က ရာသီကုန်မှာ အသင်းနဲ့ လမ်းခွဲတော့မယ့် နည်းပြ သောမတ်စ် တူဟယ်လ်ရဲ့ နေရာအတွက် နည်းပြသစ် ရှာဖွေနေရာ အဆင်မပြေတာကြောင့် မန်ယူ နည်းပြ တန်ဟက်ကို အံ့အားသင့်ဖွယ် စိတ်ဝင်စားလာပါတယ်။

တန်ဟက်ဟာ ဘိုင်ယန်မြူးနစ် အကယ်ဒမီအသင်းကို ကိုင်တွယ်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်က ဒီရာသီမှာ ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် ရာသီကုန်ချိန်မှာ နည်းပြ တူဟယ်လ်နဲ့ လမ်းခွဲတော့မယ်လို့ တရားဝင် ကြေညာထားတာပါ။

တူဟယ်လ်ရဲ့ နေရာကို ဆက်ခံမယ့် ထိပ်သီးနည်းပြ တဦးကို ခေါ်ယူဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းနေပေမယ့် အခုချိန်အထိ နည်းပြသစ်ကို ရှာဖွေနိုင်ခြင်း မရှိသေးပါဘူး။

ဘိုင်ယန်မြူးနစ်က လေဗာကူဆင်နည်းပြ ဇာဘီ အလွန်ဆို ၊ ဗီလာနည်းပြ အမ်မရီ ၊ ဂျာမဏီနည်းပြချုပ် နာဂယ်စမန်း ၊ ဩစတီးယားနည်းပြချုပ် ရန်းဂ်နစ် စတဲ့ နည်းပြတွေကို သူတို့အသင်းဆီ ပြောင်းလာဖို့ စည်းရုံးခဲ့ပေမယ့် နည်းပြ ၄ဦးစလုံးက သူတို့ရဲ့ လက်ရှိအသင်းတွေကိုသာ ဆက်လက် ကိုင်တွယ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဘိုင်ယန်မြူးနစ်က သူတို့ရဲ့ အဓိကပစ်မှတ် နည်းပြတွေကို နည်းပြသစ် အဖြစ် မခန့်နိုင်ခဲ့တာကြောင့် အခြား နာမည်ကြီးနည်းပြတွေကို ခေါ်ယူဖို့ စတင် စဉ်းစားနေပြီး ဘိုင်ယန်မြူးနစ်ရဲ့ ပစ်မှတ်သစ်တွေထဲမှာ မန်ချက်စတာ ယူနိုက်တက်နည်းပြချုပ် အဲရစ် တန်ဟက် လည်း ပါဝင်လာပါတယ်။

အသက် ၅၄နှစ် အရွယ် နယ်သာလန်လူမျိုး နည်းပြ အဲရစ် တန်ဟက် က ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ အေဂျက် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ၃နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာသူပါ/

သူက ၂နှစ်အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်ကို ဗိုလ်လုပွဲ ၃ကြိမ်ဆီ ပို့ဆောင်ပေးထားနိုင်ကာ တန်ဟက် ဟာ ၂၀၁၃ခုနှစ် ကနေ ၂၀၁၅ခုနှစ် အထိ ဘိုင်ယန်မြူးနစ်ရဲ့ အရန်အသင်းကို ကိုင်တွယ်ခဲ့ဖူးတာကြောင့် ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကိုလည်း ပိုင်ဆိုင်ထားပါတယ်။

နာမည်ကြီး သတင်းထောက် ဂျိုနသန် နော့ခရော့ဖ်ရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်က သူတို့ရဲ့ ပစ်မှတ်နည်းပြတွေကို မခေါ်ယူနိုင်ခဲ့တဲ့နောက် အဲရစ် တန်ဟက် ကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားလာပြီး မန်ချက်စတာ ယူနိုက်တက်ကသာ တန်ဟက် ကို ရာထူးကနေ ထုတ်ပယ်မယ် ဆိုရင် ဘိုင်ယန်မြူးနစ်နဲ့ အေဂျက်တို့က အပြိုင် ကမ်းလှမ်းဖို့ စဉ်းစားထားကြောင်း သိရှိရပါတယ်။