မန်ယူက ပဲလေ့စ်ကို ရှုံးချက် အပေါ် ယူကျုံးမရ ဖြစ်နေတဲ့ ပေါလ်စခိုးလ်၊ ၇-ဝ တောင် ဖြစ်သွားနိုင်တယ် ဆိုတဲ့ သုံးသပ်ချက်
သရဲနီ ဂန္တဝင် ပေါလ်စခိုးလ်ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ခရစ္စတယ် ပဲလေ့စ် ၄-၀ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ သူ့ရဲ့ အသင်းဟောင်းဟာ ၇-၀ ထိတောင် ဂိုးပြတ် ရှုံးနိမ့်သွားနိုင်တယ်လို့ ပြောရင်း ယူနိုက်တက် ကစားသမားတွေကို ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်က ယခုနှစ် ဘောလုံးရာသီမှာ အဓိက ကစားသမားတွေ မကြာခဏ ဒဏ်ရာရနေမှုကြောင့် ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရပြီး အထူးသဖြင့် ယူနိုက်တက်ရဲ့ ခံစစ်ကြောင်းမှာ ဒဏ်ရာရ ကစားသမားတွေ အတော်လေးကို များပြားနေပါတယ်။

ပဲလေ့စ်လို အသင်းလတ် တသင်းကို ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ အတွက် ယူနိုက်တက်ဂန္တဝင်ကြီး ပေါလ်စခိုးလ်က ကတော့ ယူကျုံးမရ ဖြစ်ကာ ယူနိုက်တက်ရဲ့ ကစားသမားတွေကို ဒေါသထွက်နေပြီး စုတ်ပြတ်သတ်နေတဲ့ ကစားပုံကြောင့် ၇-၀ ဆိုတဲ့ ရလဒ်နဲ့တောင် ရှုံးနိမ့်သွားနိုင်သေးတယ်လို့ ပြောကြားသွားခဲ့ပါတယ်။
ပေါလ်စခိုးလ်က – “ဒီနေ့ညမှာ ယူနိုက်တက်ရဲ့ ကစားပုံက အတော်လေး စိတ်ပျက်ဖို့ကောင်းသလို ဝမ်းနည်းဖို့လည်း ကောင်းပါတယ်။ ကျွန်တော်တို့က ယူနိုက်တက်မှာ ဒဏ်ရာရ ကစားသမားတွေ များနေတာကို သိပါတယ်။
ဒါပေမယ့် အသင်းမှာ ကစားကောင်း တချို့ ကျန်နေပါသေးတယ်။ ဒီနေ့ညမှာ ပဲလေ့စ်က ယူနိုက်တက်ကို အလွယ်တကူ ကစားသွားခဲ့တာပါ။ ယူနိုက်တက်က အခုလို ဖြစ်နေတာကို မကြည့်ရက်ပါဘူး။ ဒီ
ညမှာဆိုရင် ယူနိုက်တက်က အခွင့်အရေး တခု ဖန်တီးနိုင်ဖို့တောင် ခက်ခက်ခဲခဲ ကစားခဲ့ရပါတယ်။ ဒီနေ့ညမှာ ၇-၀ ဆိုတဲ့ ရလဒ်မျိုးတောင် ဖြစ်သွားနိုင်ခဲ့တာပါ” လို့ ပြောကြားရင်း ယူနိုက်တက်ရဲ့ ကစားသမားတွေကို ဝေဖန်သွားခဲ့တာပါ။
ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲစဉ် ယူနိုက်တက်ရဲ့ လူစာရင်းမှာ အီဗန်စ် တဦးထဲကသာ ဗဟိုခံစစ်မှူးစစ်စစ် အဖြစ် ပါဝင်လာခဲ့သလို အီဗန်စ်ကလည်း ကြံ့ခိုင်မှု မပြည့်ဝပဲနဲ့ အသင်းအတွက် ဝင်ကစားပေးခဲ့တာ ဖြစ်လို့ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။
ခံစစ်ကြောင်းမှာ ဗဟိုခံစစ်မှူး စစ်စစ် ၁ဦး တည်းသာ ပါဝင်ခဲ့သလို အားကိုးရတဲ့ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်လည်း မပါဝင်လာတာကြောင့် မန်ချက်စတာ ယူနိုက်တက်ဟာ အဝေးကွင်းမှာ တန်ပြန်တိုက်စစ် ကောင်းတဲ့ ခရစ္စတယ် ပဲလေ့စ်ကို ရင်ဆိုင် ကစားဖို့ ခက်ခဲခဲ့ပြီး ပထမပိုင်းနဲ့ ဒုတိယပိုင်းမှာ ပေးဂိုး ၂ဂိုးစီ ခွင့်ပြုပေးရရင်း အဝေးကွင်းမှာ ဂိုးပြတ်ရှုံးပွဲနဲ့ ကြုံခဲ့ရပါတယ်။