ဆန်ချို မန်ချက်စတာ ယူနိုက်တက်ထံ ပြန်လာဖို့ နည်းလမ်း တစ်ခုပဲ ရှိတယ် လို့ ဖာဒီနန် ဖော်ထုတ်
သရဲနီဟောင်းကြီး ရီယို ဖာဒီနန်က မန်ချက်စတာယူနိုက်တက်ကို ဂျေဒန် ဆန်ချို ပြန်လာဖို့ နည်းလမ်း တစ်ခုတည်းသာ ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။
ဆန်ချိုဟာ ယခုရာသီအစောပိုင်းမှာ တန်ဟက်နဲ့ ဆက်ဆံရေး မပြေမလည်ဖြစ်ခဲ့ပြီးနောက် အသင်းဟောင်း ဒေါ့မွန်ကို ဇန်နဝါရီလမှာ အငှားနဲ့ ပြန်လည်ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်ကြယ်ပွင့်ဟာ ဂျာမနီကို ပြန်ရောက်ကတည်းက ခြေစွမ်းကောင်း ပြသနေပြီး ဒေါ့မွန်ကို ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်ရောက်နိုင်အောင် ကူညီပေးထားနိုင်ခဲ့ပြီဖြစ်ပါတယ်။
ဆန်ချိုဟာ ဒီရာသီကုန်မှာ ဒေါ့မွန်ကို အပြီးသတ် ပြန်လည်ပြောင်းရွှေ့လိမ့်မယ်လို့ ယူဆခြင်းခံခဲ့ရပေမယ့်လည်း ခြေစွမ်းကောင်း ပြန်လည်ပြသနေတာကြောင့် မန်ယူနိုက်တက်က အသက် ၂၄ နှစ်အရွယ်ကစားသမားကို ထိန်းသိမ်းချင်နေတယ်လို့ သတင်းတွေလည်း ထွက်နေတာဖြစ်ပါတယ်။
ဖာဒီနန်က ဆန်ချိုအနေနဲ့ တန်ဟက်သာ နည်းပြအဖြစ် ဆက်ရှိနေမယ်ဆိုရင် အိုးထရက်ဖို့ဒ်ကို ပြန်လာမယ်မထင်ဘူးလို့ ပြောဆိုခဲ့ပြီး ဆန်ချို မန်ယူ ပြန်လာဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ တန်ဟက် မရှိမှ ဖြစ်မယ်လို့ ဆိုလိုက်ပါတယ်။
“ ဆန်ချိုက မန်ချက်စတာ ယူနိုက်တက်ကို ပြန်လာနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းက တန်ဟက် အဲဒီမှာ မရှိတော့မှပဲ ဖြစ်လိမ့်မယ်လို့ ထင်တယ်။ သူတို့တွေ နည်းပြကိုတော့ အာဏာ လျော့ပါးအောင် လုပ်မယ် မထင်ဘူး။
ကစားသမားကိုတော့ နည်းပြကို မတောင်းပန်ဘဲနဲ့တော့ ပြန်ခေါ်မှာမဟုတ်ဘူး။ အဲဒီလိုပုံစံမျိုးနဲ့ နည်းပြကို အာဏာကျအောင် သူတို့ လုပ်မှာမဟုတ်ဘူး။ ဆန်ချို ပြန်လာဖို့ဆိုရင် တန်ဟက်အနေနဲ့ မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်သွားမှပဲ ဖြစ်မယ်လို့ ထင်တယ်။”လို့ ပြောဆိုခဲ့ပါတယ်။