ဆန်ချို ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်သွားလို့ ဒေါ့မွန်ထံက မန်ယူအသင်း အပိုဆုကြေး ရဦးမည်

ဒေါ့မွန်နဲ့ ချန်ပီယံလိဂ် ဖိုင်နယ် တက်လှမ်းသွားခဲ့တဲ့ ဆန်ချိုကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒေါ့မွန်ထံမှ အပိုဆုကြေး ရရှိဦးမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

ဆန်ချိုကို ပေါင် ၇၂ သန်းအထိ ပေးချေခေါ်ယူခဲ့ရတဲ့ မန်ယူအသင်းအတွက် အခုလို ရရှိမယ့် အပိုဆုကြေးက မက်လောက်စရာ မရှိသလို ကစားသမားရဲ့ လက်ရှိ လုပ်ခ လစာကိုလည်း မန်ယူအသင်းဘက်က စိုက်ထုတ်ပေးနေရတာကြောင့် သိပ်တော့ အမြတ်ကျန်ဖွယ် မရှိပါဘူး။

မန်ယူအသင်းဟာ ရာသီကုန်အထိ ဆန်ချိုအတွက် ငှားရမ်းခ ပေါင် သုံးသန်း ရရှိသွားမှာ ဖြစ်သလို လက်ရှိ ဆန်ချိုရဲ့ ချန်ပီယံလိဂ် ပွဲထွက် ပါဝင်ခွင့်နဲ့ အောင်မြင်မှုအပေါ် မူတည်ပြီး နောက်ထပ် ပေါင် ၃သန်းကျော် ထပ်မံ ရရှိမှာ ဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိ ဆန်ချိုဟာ ယခုလို ဒေါ့မွန် အသင်းထံ ပြောင်းရွှေ့မလာခင်တုန်းက မန်ယူအသက် ၁၉ နှစ်အောက် အသင်းနဲ့ လေ့ကျင့်ခဲ့ရဖူးသူ တစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၂၆ ရက်နေ့ကတည်းက မန်ယူအသင်းအတွက် ပါဝင်ခွင့် မရရှိတော့တာ ဖြစ်ပါတယ်။

နောက်ရာသီမှာ ဆန်ချို မန်ချက်စတာ ယူနိုက်တက်ထံ ပြန်လာမလား ဆိုတာကလည်း အခုချိန်ထိ မရေရာသေးပါဘူး။