အေးဂျင့် ဖာဒီနန်က နည်းပြ တူချယ်ကို ဘာတွေ ပြောခဲ့သလဲ .. မန်ယူ လာအောင် စည်းရုံးနေပြီလား
ပြီးခဲ့တဲ့ရက် ဘာနေဗျူးကွင်းက ရီးရဲလ် မက်ဒရစ် Vs ဘိုင်ယန်မြူးနစ်တို့ရဲ့ ချန်ပီယံလိရ် ဆီမီးဖိုင်နယ် ပွဲမတိုင်ခင် TNT Sports ရဲ့ ရုပ်သံအစီအစဉ်မှာ ပွဲဝေဖန်သုံးသပ်သူအဖြစ် ကွင်းဘေးရောက်နေတဲ့ မန်ယူဂန္ထဝင်ကြီး ရီယိုဖာဒီနန် ကတော့ အေးဂျင့် ဖာဒီနန် အဖြစ်နဲ့ တူချယ်ကို ဆွဲဆောင်နေပုံပါ။
ဖာဒီနန်ဟာ ကွင်းဘေးမှာ ဘိုင်ယန်နည်းပြတူချယ်နဲ့ ဖက်လှဲတကင်းနှုတ်ဆက်ပြီး တစ်ယောက်နားတစ်ယောက်ကပ်ကာ အပြန်အလှန် တီးတိုးစကားတွေ ပြောခဲ့ကြပါတယ်။

မန်ယူမှာ လက်ရှိ နည်းပြ အဲရစ်တန်ဟက်ရဲ့အိုးလ်ထရက်ဖို့ဒ်အနာဂါတ် မသေချာတော့ချိန် တူချယ်ဟာ မန်ယူနဲ့ သတင်း အတော် ထွက်နေသူ နည်းပြတစ်ယောက်ပါ။
ဂျာမန်သားနည်းပြ တူချယ် ကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်မှာ ပြန်နည်းပြလိုနေပြီး မန်ယူအလုပ်ကို စိတ်ဝင်စားကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။
အဲဒါကြောင့် တူချယ်နဲ့တွေ့ဆုံခိုက်မှာ ဖာဒီနန်က မန်ယူအတွက် အေးဂျင့်လုပ်ပေးနေတာလားလို့ မေးစရာ ဖြစ်ခဲ့ရတာပါ။
TNT Sports ရဲ့ Host ဖြစ်တဲ့ လော်ရာဝုဒ်နဲ့ အတူဝေဖန်သုံးသပ်သူ ရီးရဲလ်ကြယ်ပွင့်ဟောင်း မက်မနာမန်တို့က တူချယ်နဲ့ ဖာဒီနန်တို့ကြား ပြောခဲ့တာကို သိချင်ခဲ့ကြပါတယ်။
ပွဲမကန်ခင် တူချယ်ရဲ့အေးဆေးဖြစ်နေမှုကို သူ့အံ့သြရကြောင်း ဖာဒီနန်က အခိုင်အမာဆိုခဲ့တာပါ။
အဲဒီအချိန်မှာ မက်မနာမန်က ”မန်ယူအလုပ်အကြောင်းရော မေးသေးလား”လို့ ဖာဒီနန်ကို မေးလိုက်ပါတယ်။
အဲဒီတော့ ပြုံးနေတဲ့ ဖာဒီနန်က ”ဒါက ပြောခဲ့တာရဲ့နောက်ဆုံးအပိုင်းပေါ့။ သူဘ ယ်သွားမလဲဆိုတာ” လို့ပဲ အဓိပ္ပါယ် ပါပါ ပြန်ပြောခဲ့တာပါ။
တူချယ်ကတော့ ဗုဒ္ဓဟူးည ရီးရဲလ်နဲကပွဲ အရှုံးကြောင့် ဘိုင်ယန်မှာ ဖလားလက်မဲ့ရာသီနဲ့ ကြုံခဲ့ရပါတယ်။