ဂရင်းဝုဒ် ကို ခေါ်ယူရေး သွေးတိုးစမ်း မေးမြန်းနေပြီ ဖြစ်တဲ့ မန်ယူရဲ့ ပရီးမီးယားလိဂ် အသင်းကြီး ပြိုင်ဘက်

မန်ချက်စတာ ယူနိုက်တက် ရဲ့ အင်္ဂလန်သား တိုက်စစ်သမား မေဆန် ဂရင်းဝုဒ်ကို ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်း ချယ်ဆီး က ခေါ်ယူသွားဖို့ စုံစမ်းမှုတွေ စတင် လုပ်ဆောင်နေတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။

အသက် (၂၂)နှစ်အရွယ် အင်္ဂလန် တိုက်စစ်ကစားသမားလေး ဂရင်းဝုဒ်ဟာ လက်ရှိမှာ ယူနိုက်တက်အသင်းကနေ အပြီးသတ် ထွက်ခွာသွားရဖွယ် ရှိနေပြီး ဂရင်းဝုဒ်ကိုလည်း ကလပ်အသင်းပေါင်းများစွာက အပြိုင်အဆိုင် စိတ်ဝင်စားလျက် ရှိနေကြပါတယ်။

ဒီရာသီ ဂီတာဖေးအသင်းမှာ တစ်ရာသီ အငှားနဲ့ စတင် ထွက်ကစားရင်းနဲ့ ခြေစွမ်းကောင်းတွေ ပြသထားတဲ့ ဂရင်းဝုဒ် ကို အသက်လက်တီကို ဗလင်စီယာ ဘီလ်ဘာအိုတို့လို လာလီဂါကလပ်တွေအပြင် ဂျုဗင်တပ်စ် အေစီမီလန်တို့လို စီးရီးအေကလပ်တွေနဲ့ ပရီးမီးယားလိဂ် ကလပ်အသင်း တချို့ကပါ စိတ်ဝင်စားနေကြပါတယ်။

ဂရင်းဝုဒ်ကို စိတ်ဝင်စားနေတဲ့ ပရီးမီးယားလိဂ် အသင်းတွေထဲမှာ ချယ်ဆီးအသင်းလည်း ပါဝင်လာခဲ့ပြီး လက်ရှိမှာတော့ ဂရင်းဝုဒ်ရဲ့ အခြေအနေတွေကို စုံစမ်းမှုတွေ လုပ်ဆောင်လာခဲ့ပြီ ဖြစ်ပါတယ်။

ချယ်ဆီးက လူငယ် ကစားသမားတွေကို ပိုမို ဦးစားပေး ခေါ်ယူတက်တဲ့ အသင်းဖြစ်ပြီး ဂရင်းဝုဒ်လို (၂၂)နှစ်သာ ရှိနေသေးတဲ့ ကစားသမားကိုလည်း အသင်းအတွက် ခေါ်ယူ ဖြည့်တင်းချင်မှာ သေချာပါတယ်။

ဒါ့အပြင် ဂရင်းဝုဒ်လို တိုက်စစ်နေရာ အစုံမှာ ကစားနိုင်သူက ချယ်ဆီးအတွက်လည်း ပိုမို အသုံးဝင်နိုင်တာကြောင့် ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာဖို့ ရှိနိုင်ပေမယ့် ယူနိုက်တက်ဘက်ကတော့ ချယ်ဆီးလို ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းထက် တခြားသော လိဂ်က အသင်းတွေဆီသာ ရောင်းချသွားဖွယ် ရှိနိုင်ပါတယ်။

ယူနိုက်တက်ကတော့ သူတို့အသင်းနဲ့ တစ်နှစ်သက်တမ်းသာ စာချုပ် ကျန်ရှိနေတော့တဲ့ ဂရင်းဝုဒ်အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း(၃၀)ဝန်းကျင်လောက်အထိ အလိုရှိနေပြီး ဂရင်းဝုဒ်ကို စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေကတော့ ယူနိုက်တက် အလိုရှိနေတဲ့ တန်ကြေးအတိုင်း ပေးချေပေးဖို့ ဆန္ဒ မရှိပဲ ဖြစ်နေပါတယ်။