မန်ချက်စတာ ယူနိုက်တက်က နည်းပြ တန်ဟက်ကို အချိန်ပေးသင့်ကြောင်း သုံးသပ်တိုက်တွန်းသွားတဲ့ အာတီတာ

အာဆင်နယ် နည်းပြ မီကယ်အာတီတာက မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟတ်ဟာ အိုးထရက်ဖို့ဒ်မှာ အောင်မြင်မှုတွေ ရှာဖွေနိုင်ဖို့အတွက် အချိန်ပိုပေးရန် လိုအပ်ကြောင်း သုံးသပ်စကား ပြောခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ယနေ့ညမှာ ပရီးမီးယားလိဂ် ချန်ပီယံ ဆုဖလား အတွက် ပြိုင်ဆိုင်နေတဲ့ အာဆင်နယ်ကို အိမ်ကွင်းမှာ ဧည့်ခံရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းက နှစ်၂၀အတွင်း ပထမဆုံးလိဂ်ဖလား ဆွတ်ခူးနိုင်ဖို့ ကြိုးစားနေချိန် ယူနိုက်တက်က ခရစ္စတယ်ပဲလေ့စ်ကို လေးဂိုးပြတ် အရေးနိမ့်ခဲ့ပါတယ်။

ပဲလေ့စ်နဲ့ပွဲက ရလဒ်ကြောင့် တန်ဟတ်အပေါ် ဖိအားတွေများလာပေမယ့် အာတီတာကတော့ နယ်သာလန်သားကို ထောက်ခံအားပေးသင့်ကြောင်း ပြောခဲ့ပါတယ်။

အာတီတာက “ကျွန်တော် သူ့အပေါ် နည်းပြတစ်ဦးအဖြစ် မြင်တဲ့အမြင်ကိုပဲ ပြောပြနိုင်ပါတယ်။ သူက တကယ်တော်တဲ့ နည်းပြပါ။ ကျွန်တော် သူ့ကိုင်တဲ့အသင်းတွေဖြစ်တဲ့ အေဂျက်စ်၊ ယူနိုက်တက်တို့ကို လေးစားပါတယ်။

သူဘာလုပ်ပြဖို့ ကြိုးစားနေတယ်ဆိုတာ ကျွန်တော် သိပါတယ်။ သူ အဲ့ဒါကို ဘယ်လိုလုပ်နေရတယ်သိသလို သူနဲ့ရင်ဆိုင်ဖို့အတွက် ဘယ်လောက်ထိ ခက်ခက်ခဲခဲပြင်ဆင်ရတယ်ဆိုတာလည်း သိပါတယ်။ ဒါကြောင့် ကျွန်တော် သူ့အပေါ် အရမ်းလေးစားပါတယ်။

ကျွန်တော်တို့က လုပ်ဖော်ကိုင်ဖက်တွေဖြစ်ပြီး ဒီလိဂ်မှာ အသေးစိတ်ကအစ အရေးကြီးတာဖြစ်လို့ ဘယ်လိုခက်ခဲတယ်ဆိုတာ သိနေတာကြောင့် သူ့ကို အချိန်ပိုပေးသင့်တယ်လို့ ထင်ပါတယ်။

ပရီးမီးယားလိဂ်နဲ့ ဆုဖလားကြီးတွေ ရယူနိုင်ဖို့ဆိုရင် ဒီလိုကွင်းတွေမှာ သူတို့ကို အနိုင်ယူနိုင်ဖု့ိ လိုအပ်ပါတယ်။ ဒါက ကျွန်တော်တို့ လျှောက်လှမ်းနေရတဲ့ ခရီးဖြစ်ပြီး ဒီနေ့မှာလည် အဲ့ဒီလိုလုပ်ပြနိုင်ဖို့ ကြိုးစားသွားပါမယ်။”လို့ ပြောဆိုခဲ့ပါတယ်။