လက်စတာကို ဂိုးပြတ်နိုင်ပေမယ့် ချယ်ဆီးကို အားမရဖြစ်နေကြောင်း ရှင်းပြတဲ့ တူချယ်

မန်နေဂျာတူချယ်က လက်စတာနဲ့ပွဲမှာ အသင်းရဲ့ ကစားဟန်ကို ကျေနပ်ပေမယ့်လည်း တိုက်စစ်ပိုင်း အားနည်းချက်တွေ မြင်ခဲ့ရတာကိုတော့ သဘောမကျနိုင်ဘူးလို့ ဆိုပါတယ်။

ချယ်ဆီးဟာ ပွဲကို လွှမ်းမိုးကစားခဲ့ပြီး ဒုတိယပိုင်း သွင်းဂိုးတွေကြောင့် ဒါဇင်ဝက် သွင်းဂိုးဖြင့် အနိုင်ရခဲ့သင့်တာပါ။ ဒါပေမယ့်လို့ စည်းကြပ်ဒိုင်က သွင်းဂိုး ၃ ဂိုးကို လူကျွံနေကြောင်း အလံထောင်ခဲ့တာကြောင့် အဆုံးမှာ ၃-၀ ရလဒ်နဲ့ ကျေနပ်ခဲ့ရတာဖြစ်တယ်။

တူချယ်က ” တိုးတက်လာရမယ့် ကိစ္စတွေ ရှိနေပါတယ်။ အဆုံးသတ်ပိုင်းတွေမှာ နည်းစနစ်ပိုင်း အမှားတွေကို မြင်ခဲ့ရတယ်။ ဒါပေမယ့် ယုံကြည်ချက်ရှိတဲ့ စွမ်းဆောင်ရည်ပါပဲ။ ရင့်ကျက်တဲ့ စွမ်းဆောင်ရည်ကိုတော့ အသင်းက ပြသခဲ့ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

အခွင့်အရေးဖန်တီးမှုနဲ့ အဆုံးသတ်ပိုင်း ကိစ္စတွေမှာ ချယ်ဆီးက ပိုကောင်းလာဖို့ လိုသလို ၂-၀ ဆိုတဲ့ အနေအထားမှာ ပြိုင်ဘက်က ပြန်လာနိုင်မှုကို အပြတ်ဖြတ်ဖို့ လိုတယ်ဆိုတာကိုလည်း သတိပေးခဲ့တယ်။ ဆက်ပြီးလည်း ပွဲစဉ်နဲ့ ပတ်သက်လို့ ပွဲအပြီးမှာ တူချယ်က

” ကျနေ်ာတို့ ကောင်းမွန်တဲ့ အဝေးကွင်းပွဲ ကစားနိုင်ခဲ့ပါတယ်။ ရလဒ်ကောင်းသလို၊ ကောင်းကွက်တွေ များခဲ့ပါတယ်။ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် လူကျွံဘောနဲ့ ပတ်သက်ပြီး ကံမကောင်းခဲ့ပါဘူး။ ဒါပေမယ့် ကျနေ်ာတို့ ရခဲ့ရင်တော့ ပျော်မိမှာပါ။

ပထမဆုံး မိနစ်ကနေ နောက်ဆုံး မိနစ်ထိ သန်မာဖို့ လိုပါတယ်။ ထိုက်တန်တဲ့ နိုင်ပွဲပါပဲ။ ပထမပိုင်းမှာ သိပ်ကောင်းတယ်။ ဆုံးဖြတ်ချက်ပိုင်းနဲ့ အဆုံးသတ်ပိုင်း ကိစ္စတွေမှာ ရုန်းကန်ခဲ့ရတယ်။ အခွင့်အရေးတွေ ပိုပြီးတောင် ဖန်တီးနိုင်ပါသေးတယ်။ သွင်းဂိုး ၂ ဂိုးရထားချိန်မှာ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။

လက်စတာကွင်းကလည်း သူတို့ ကစားသမားတွေ ပြန်နိုးထဖို့ ကြိုးစားပေးနေတာပါ။ ဒါပေမယ့် ကျနေ်ာတို့ ခွင့်မပြုခဲ့ဘဲ ပွဲကို အပြတ်ဖြတ်နိုင်ခဲ့ပါတယ်။ ကျနေ်ာတို့ ထပ် ထပ်ပြီး တွန်းအားပေးချင်ခဲ့တယ်။ ဒီကနေ့ ကျနေ်ာတို့ ကစားသွားခဲ့တဲ့ နည်းလမ်းနဲ့ ရလဒ်ကို ကျေနပ်မိပါတယ် ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ချယ်ဆီးဟာ မန်စီးတီး၊ လီဗာပူးအသင်းတို့ရဲ့ ပွဲစဉ်တွေ မလာခင် ပွဲစဉ် ၁၂ အပြီးမှာ အမှတ်ပေးဇယားကို ၆ မှတ် ဖြတ်ထားပြီဖြစ်ပြီး ချန်ပီယံပြေးလမ်ကို ဦးဆောင်နေခဲ့ပြီဖြစ်ပါတယ်။