အာမတ် လှဲကျခံခဲ့ရတဲ့ ကိစ္စ ပင်နယ်တီ ဖြစ်သင့်သလား မှတ်ချက်တွေပေးကြတဲ့ ရွန်းနီနဲ့ ရွိုင်ကိန်း
မနေ့ညက အိုးထရက်ဖို့ဒ် ကွင်းကြီးမှာ ယှဉ်ပြိုင်ကစားတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်ပွဲကတော့ ထရော့ဇတ်ရဲ့ တစ်ဂိုးတည်းသော သွင်းဂိုးနဲ့အတူ အာဆင်နယ်က အနိုင်ရသွားခဲ့ပါတယ်။
ပိုကောင်းတဲ့အသင်းက အနိုင်ရခဲ့တာ ဆိုသော်လည်း အာဆင်နယ်က ပွဲကို အရမ်း အကောင်းကြီး ထိန်းချုပ်နိုင်ခဲ့တာ မဟုတ်ဘဲ ယူနိုက်တက်ကလည်း အတော်လေးကို လိုအပ်ချက်များတဲ့ အသင်းတစ်သင်း ဖြစ်နေခဲ့ပါတယ်။

ဒီပွဲမှာ ယူနိုက်တက်က ပင်နယ်တီရဖို့ တောင်းဆိုခဲ့တဲ့ အခိုက်အတန့် ရှိခဲ့သေးပြီး ဧရိယာထဲ ဆွဲဝင်လာတဲ့ အာမတ်ကို အာဆင်နယ်ဘက်က ဟန့်တားတာကြောင့် တိုက်စစ်သမားက လဲကျခဲ့တာပါ။
တူညီတဲ့ဖြစ်ရပ်မျိုးကို မကြာသေးခင်ကပဲ ဟာဗက်ဇ်က ဧရိယာထဲ လဲကျခဲ့စဉ် အာဆင်နယ်အသင်း ပင်နယ်တီ ရခဲ့ဖူးပါတယ်။ ဒီတစ်ကြိမ်ဖြစ်ရပ်မှာတော့ သောမတ်စ် ပါတေး ကံကောင်းခဲ့တာပါ။
ဒီဖြစ်ရပ် အပေါ် ပင်နယ်တီ ဖြစ်သင့်သလား ဆိုတာ သရဲနီဟောင်းကြီးတွေ ဖြစ်တဲ့ ရွိုင်ကိန်းနဲ့ ရွန်းနီက အခုလို သုံးသပ်ခဲ့ပါတယ်။
ဝိန်းရွန်းနီက ” ပင်နယ်တီလို့တော့ မထင်ပါဘူး။ ပါတေးက ကံကောင်းသွားပါတယ်။ သူက ခြေထောက်ကို ခပ်စောစော ရုတ်လိုက်ပါတယ်။ ဘောလုံးကို ကပ်သီးလေး ထိသွားတာ သူ ကံကောင်းတာပါပဲ ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ရွိုင်ကိန်းကလည်း ” ပါတေးက မှားတဲ့ဘက်ခြမ်းကနေ ဝင်မိတာပါ။ ဒါပေမယ့် ပင်နယ်တီတော့ မဖြစ်ခဲ့ပါဘူး။ သူ အတော်လေး ကံကောင်းသွားတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ် ” လို့ ပြောပါတယ်။
ဒီပွဲရလဒ်ကြောင့် ကြားရက် စပါးနဲ့ မန်စီးတီးပွဲ ရလဒ်ကို ကြည့်ရမှာဖြစ်ကာ စီးတီးတို့ ရလဒ် မကောင်းတာနဲ့တင် အာဆင်နယ်က ချန်ပီယံဖြစ်လာဖို့ ရေပန်းစားသွားမှာပဲ ဖြစ်ပါတယ်။