မန်ချက်စတာ ယူနိုက်တက်အမျိုးသမီးအသင်း ကတော့ FA ဖလား ဗိုလ်စွဲခဲ့ပြီ ဖြစ်လို့ တန်ဟက် အသင်းကရော..
မန်ချက်စတာယူနိုက်တက် အမျိုးသမီးအသင်းဟာ FA ဖလားဗိုလ်လုပွဲမှာ စပါးအသင်းကို ၄-၀ ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် အသင်းသမိုင်းနဲ့ချီပြီ ပထမဆုံး အဓိက ဆုဖလား အဖြစ် FA ဖလား ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
မနှစ်က ဗိုလ်လုပွဲမှာ ချယ်လ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့လို့ ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတဲ့ ယူနိုက်တက်အမျိုးသမီးအသင်းဟာ ဒီရာသီမှာတော့ FA ဖလား ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ပြီဖြစ်ပါတယ်။

FA ဖလား ဗိုလ်လုပွဲကို ဝင်ဘလေကွင်းမှာ ကျင်းပခဲ့တာဖြစ်ပြီး ယူနိုက်တက်နဲ့စပါးအသင်း ဂန္ထဝင်ကစားသမားတွေအပါအဝင် ပရိသတ်စုစုပေါင်း ၇၆,၀၈၂ ဦးအထိ လာရောက်ကြည့်ရှုခဲ့သလို ယူနိုက်တက်အသင်းပိုင်ရှင် အက်ဗ်ရမ်ဂလေဇာ၊ စပါးအသင်းဥက္ကဋ္ဌဖြစ်သူ ဒန်နီယဲလ်လီဗိုင်တို့လည်း လာရောက်အားပေးခဲ့ပါတယ်။
ယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုးကို ပထမပိုင်းပြီးခါနီးမှာ ကွင်းလယ်တိုက်စစ်ကစားသမား အယ်လာတွန်းက ညာခြေနဲ့ကန်သွင်းခဲ့ပြီး ၅၄ မိနစ်မှာ တိုက်စစ်မှူးရေချယ်လ်ဝီလီယံစ်၊ ၅၇ မိနစ်နဲ့ ၇၄ မိနစ်တွေမှာ လူစီယာဂါစီယာက တစ်ဦးတည်း ၂ ဂိုးသွင်းခဲ့တာကြောင့် ယူနိုက်တက်တို့ ၄-၀ ဂိုးရလဒ်နဲ့အနိုင်ရခဲ့ပါတယ်။
တိုက်စစ်ကစားသမား လူစီယာဂါစီယာဟာ ၂၀၁၅-၁၆ ရာသီကစလို့ ဒီရာသီအထိ ဝင်ဘလေကွင်းမှာ ကျင်းပခဲ့တဲ့ FA ဖလားဗိုလ်လုပွဲတွေမှာ တစ်ဦးတည်း ၂ ဂိုးသွင်းယူနိုင်တဲ့ တတိယမြောက်ကစားသမားဖြစ်လာပြီး အရင်က ရာမိုနာဘန့်ချ်မန်း(ချယ်လ်ဆီး – ၂၀၁၈)၊ ဆမ်မန်သာခါး (ချယ်လ်ဆီး – ၂၀၂၁၊ ၂၀၂၂)တို့ဟာ FA ဖလားဗိုလ်လုပွဲမှာ ၂ ဂိုးသွင်းခဲ့ကြပါတယ်။
အခုပွဲရလဒ်က ဝင်ဘလေကွင်းမှာ ကျင်းပခဲ့တဲ့ FA ဖလားဗိုလ်လုပွဲတစ်လျှောက် ဂိုးအပြတ်ဆုံးရလဒ်ဖြစ်ပြီး ၂၀၁၂ မှာ ဘာမင်ဂမ်အသင်း ချန်ပီယံဖြစ်ပြီးနောက်ပိုင်း ဆယ်စုနှစ်တစ်ခုကျော်အတွင်း FA ဖလားပြိုင်ပွဲမှာ မန်စီးတီး၊ ချယ်လ်ဆီး၊ အာဆင်နယ်တို့ပဲ အလှည့်ကျ ဗိုလ်စွဲနေတာကို ယူနိုက်တက်အသင်းက ဒီရာသီမှာ ရပ်တန့်နိုင်ခဲ့ပြီဖြစ်ပါတယ်။
ယူနိုက်တက် အမျိုးသမီးအသင်း ပထမဆုံး FA ဖလားချန်ပီယံဆုနဲ့အတူ အောင်ပွဲခံနိုင်ချိန်မှာ အမျိုးသားအသင်းကတော့ စိတ်ပျက်စရာ အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ယူနိုက်တက်အမျိုးသားအသင်းဟာ အခု မေလ ၂၅ ရက်ကျရင် FA ဖလားဗိုလ်လုပွဲအဖြစ် မန်စီးတီးနဲ့ ဝင်ဘလေကွင်းမှာ ရင်ဆိုင်ကစားရမှာဖြစ်ပြီး ယူနိုက်တက်အသင်းရဲ့လက်ရှိခြေစွမ်းအရ ဗိုလ်လုပွဲမကန်ခင်ကတည်းက မန်စီးတီးပဲ ဗိုလ်စွဲဖို့ သေချာနေပြီလို့ ထင်ကြေးပေးခံနေရပါတယ်။