တန်ဟက် အသင်းကို ကြည့်လိုက်လို့ နစ်နာသွားရတဲ့ မန်ချက်စတာ ယူနိုက်တက် ယူ-၁၈ နဲ့ အမျိုးသမီးအသင်း

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ တစ်ဦးချင်း အကောင်းဆုံးဆုတွေ ချီးမြှင့်တဲ့ ညစာစားပွဲ အခမ်းအနားကို ဒီနှစ်မှာ မပြုလုပ်ဖြစ်တော့ဘဲ ဒါက နောက်ဆုံး ၃ နှစ်အတွင်း ဒုတိယအကြိမ်မြောက် ဖျက်သိမ်းခဲ့တာလည်းဖြစ်ပါတယ်။

ယူနိုက်တက်အသင်းရဲ့ ညစာစားပွဲ အခမ်းအနားမှာ စီနီယာအသင်း ကစားသမား၊ အမျိုးသမီးအသင်း၊ လူငယ်အသင်း၊ နည်းပြတွေ၊ စပွန်ဆာ ကုမ္ပဏီ တာဝန်ရှိသူတွေနဲ့ ပရိသတ်တွေပါ တက်ရောက်လေ့ရှိပြီး ၁ နှစ်တာအကောင်းဆုံးဆုဖြစ်တဲ့ Sir Matt Busby Player of the Year ဆုအပါအဝင် တစ်ဦးချင်းအကောင်းဆုံးဆုတွေကို ချီးမြှင့်နေကျဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ အခုနှစ်အတွက် ညစာစားပွဲအခမ်းအနားကို မန်စီးတီးနဲ့ FA ဖလားဗိုလ်လုပွဲမတိုင်ခင် ၅ ရက် အလို မေလ ၂၀ ရက်မှာ ကျင်းပဖို့ စီစဉ်ထားပေမဲ့ မန်စီးတီးနဲ့ပွဲကို အာရုံစူးစိုက်မှု လျော့သွားမှာ စိုးရိမ်တာရယ်၊ အခု လောလောဆယ် အသင်းကလည်း စိတ်ပျက်စရာအနေအထားတွေကြောင့် နည်းပြအဲရစ်တန်ဟက် ရာထူးကနေ အထုတ်ခံရဖို့ နီးစပ်နေတဲ့အတွက် အဲဒီအခမ်းအနားကို ဖျက်သိမ်းဖို့ တာဝန်ရှိသူတွေက ဆုံးဖြတ်ခဲ့တာပါ။

ဆုပေးပွဲအခမ်းအနား မကျင်းပဖို့ကိစ္စနဲ့ပတ်သက်ပြီး အဲရစ်တန်ဟက်နဲ့ယူနိုက်တက်တာဝန်ရှိသူတွေ တွေ့ဆုံစကားပြောဆိုပြီးတဲ့နောက် အတည်ပြု ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ၂၀၂၁-၂၂ ရာသီတုန်းကလည်း ရန်းနစ်ခ်လက်ထက်မှာ ရလဒ်ဆိုးတွေနဲ့အတူ ရာသီအဆုံးသတ်ခဲ့ရပြီးတဲ့နောက် ညစာစားပွဲအခမ်းအနားကို ဖျက်သိမ်းခဲ့ဖူးပါတယ်။ ပရိသတ်တွေကတော့ အခု ဆုံးဖြတ်ချက်က ယူနိုက်တက် ယူ-၁၈အသင်းနဲ့ အမျိုးသမီးအသင်းအတွက် တရားမျှတမှု မရှိဘူးလို့ ဝေဖန်နေကြပါတယ်။

ယူနိုက်တက် ယူ-၁၈ အသင်းဟာ ဒီရာသီမှာ အမှတ်ပေးဖလားနဲ့ လိဂ်ဖလားချန်ပီယံဆုတွေ ရယူနိုင်ခဲ့ပြီး ယူနိုက်တက်အမျိုးသမီးအသင်းကလည်း မနေ့က FA ဖလားဗိုလ်လုပွဲမှာ စပါးအသင်းကို ၄-၀ ဂိုးပြတ်အနိုင်ယူပြီးတော့ FA ဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးခဲ့ပါတယ်။

အဲဒါကြောင့် ယူနိုက်တက်ပရိသတ် တချို့ကတော့ ပွဲ ဖျက်သိမ်းလိုက်တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပေမဲ့ ဆုဖလား အောင်မြင်မှုတွေရယူနိုင်ခဲ့ကြတဲ့ ယူ-၁၈ အသင်းနဲ့ အမျိုးသမီးအသင်းတွေအတွက်တော့ တရားမျှတမှု မရှိဘူးလို့ ပြောဆိုနေကြပါတယ်။