ဘရူနို ဖာနန်ဒက်စ်ရဲ့ မန်ယူ ကစားသမားဘဝ နောက်ဆုံးပွဲ ကစားရတော့မှာလား

မန်စီးတီးနဲ့ ကစားမဲ့ FA ဖလားဗိုလ်လုပွဲက ဘရူနိုဖာနန်ဒက်စအတွက် မန်ချက်စတာယူနိုက်တက် ကစားသမားဘ၀ နောက်ဆုံးပွဲ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းသတင်းတွေ ထွက်ပေါ်နေပါတယ်။

ယူနိုက်တက်အသင်းဟာ အခုမေလ ၂၅ ရက်ကျရင် ဝင်ဘလေကွင်းမှာ FA ဖလားဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး ဒီရာသီကို ဖလားလက်မဲ့နဲ့ အဆုံးမသတ်ရအောင် FA ဖလားချန်ပီယံဆု ရယူနိုင်ဖို့ လိုအပ်နေပါပြီ။

ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ ၄ နှစ်ခွဲကြာကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဒီရာသီကုန်မှာ လမ်းခွဲဖို့ စဉ်းစားနေပြီလို့ ဗြိတိန်သတင်းစာ The Sun က ဖော်ပြခဲ့တာကြောင့် FA ဖလား ဗိုလ်လုပွဲက ဘရူနိုဖာနန်ဒက်စ် အတွက် ယူနိုက်တက်ကစားသမားဘ၀ နောက်ဆုံးပွဲဖြစ်လာဖို့ရှိနေပါပြီ။

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါ်တူဂီလက်ရွေးစင်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ ဒဏ်ရာပြဿနာကြောင့် ခရစ္စတယ်ပဲလေ့စ်ကို ၄-၀ ဂိုးပြတ်နဲ့ အရှက်တကွဲရှုံးတဲ့ပွဲ၊ အာဆင်နယ်ကို ၁-၀ ဂိုးနဲ့ရှုံးတဲ့ပွဲတွေကို လွဲချော်ခဲ့ပါတယ်။ မနက်ဖြန်ကစားမဲ့ နယူးကာဆယ်နဲ့ပရီးမီးယားလိဂ်ပွဲမှာလည်း ဘရူနိုဖာန်ဒက်စ် ပါဝင်နိုင်ဖို့ မသေချာပေမဲ့ FA ဖလား ဗိုလ်လုပွဲမတိုင်ခင် ကြံ့ခိုင်မှုပြည့်ဝလာဖို့ရှိပါတယ်။

၂၀၂၀ ဇန်နဝါရီက စပို့တင်းလစ္စဘွန်းအသင်းကနေ ယူနိုက်တက်ကို ပေါင် ၅၅ သန်းနဲ့ပြောင်းရွှေ့ခဲ့သူ ဘရူနိုဖာနန်ဒက်စ်ဟာ ပွဲပေါင်း ၂၃၀ ကစား၊ ၇၉ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၆၂ ကြိမ်အထိပြုလုပ်ခဲ့ပြီး ဖာဂူဆန်ခေတ်လွန်မှာ ယူနိုက်တက်အသင်းရဲ့ အကောင်းဆုံးကစားသမားခေါ်ယူမှုအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

ယူနိုက်တက်နဲ့ဘရူနိုဖာနန်ဒက်စ်တို့ရဲ့ စာချုပ်သက်တမ်းက ၂၀၂၇ ခုနှစ်အထိ ကျန်ရှိနေပေမဲ့ အခုလအစောပိုင်းမှာ ဘရူနိုဖာနန်ဒက်စ်က ယူရိုပြိုင်ပွဲပြီးရင် သူ့အနာဂတ်ကို ဆုံးဖြတ်သွားမယ်လို့ ဖွင့်ဟပြောဆိုခဲ့တာကြောင့် သူ့အနာဂတ်က မသေမချာဖြစ်နေပါတယ်။

တယ်လီဂရပ်ဖ်သတင်း ရဲ့ ဖော်ပြချက်အရ ဘရူနိုဖာနန်ဒက်စ်နဲ့ ကတ်စ်မဲရိုးတို့ကို ခေါ်ယူဖို့ ဆော်ဒီထိပ်သီးကလပ်တွေက ပစ်မှတ်ထားနေကြပြီး ကတ်စ်မဲရိုးကို အယ်လ်နာဆာအသင်း၊ ဘရူနိုဖာနန်ဒက်စ်ကို အယ်လ်ဟီလယ်နဲ့အယ်လ်အစ်တီဟတ်တို့က စိတ်ဝင်စားနေပါတယ်။