မန်ချက်စတာ ယူနိုက်တက် နည်းပြသစ် ဖြစ်လာဖို့ ဒီရက်ပိုင်းမှာ ထိပ်ဆုံးက ရေပန်းစားလာသူ

မန်ချက်စတာ ယူနိုက်တက်အသင်းက အသင်းရဲ့ လက်ရှိနည်းပြ အဲရစ် တန်ဟက် ကိုသာ နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့မယ်ဆိုရင် ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ် ဖရန့်က အစားဝင်လာဖို့ ဒီရက်ပိုင်းမှာပဲ အလွန် ရေပန်းစားလာခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဆာဂျင်ရက်ကလစ်ဖ်ရဲ့ INEOS အဖွဲ့က အသင်းရှယ်ယာ (၂၅)%ကို ဝယ်ယူခဲ့ပြီးတဲ့နောက် နည်းပြ တန်ဟက် ရဲ့ အနာဂတ် အခြေအနေဟာလည်း လှုပ်ခတ်လာခဲ့ရပြီး လက်ရှိမှာလည်း အသင်းရလဒ်ပိုင်းတွေက ဆိုးရွားနေတာကြောင့် တန်ဟက်ဂ် ထုတ်ပယ်ခံရဖို့က အခြေအနေ ပိုများလာခဲ့ပါတယ်။

ဆာဂျင်ရက်ကလစ်ဖ်တို့ဘက်ကတော့ အင်္ဂလန်နည်းပြ ဂါရတ် ဆောက်ဂိတ်၊ ချယ်လ်ဆီး နည်းပြဟောင်း ဂရေဟမ် ပေါ်တာနဲ့ ဘရန့်ဖို့ဒ် နည်းပြ သောမတ်စ် ဖရန့််တို့ကို စိတ်ဝင်စားနေပြီး အခု တော့ သောမတ်စ် ဖရန့်က ရေပန်းအစားဆုံး ဖြစ်နေတယ်လို့ တယ်လီဂရပ်ဖ် သတင်း အဆိုအရ သိရပါတယ်။

တကယ်တော့ နည်းပြဟောင်း မော်ရင်ဟိုနဲ့ လက်ရှိ ဘိုင်ယန်မြူးနစ် နည်းပြ သောမတ်စ် တူဟယ်လ်တို့က ယူနိုက်တက် နည်းပြရာထူးကို ရယူသွားဖို့ စိတ်အားထက်သန်နေပေမယ့်လည်း ယူနိုက်တက် တာဝန်ရှိသူတွေကတော့ ဒီနည်းပြတွေထက် သူတို့ ပစ်မှတ်ထားနေတဲ့ နည်းပြတွေကိုသာ တာဝန်ပေးသွားချင်နေပါတယ်။

အသက် (၅၀)အရွယ် ရှိနေပြီဖြစ်တဲ့ နည်းပြ ဖရန့်ဟာ ၂၀၁၈ခုနှစ်ကတည်းက ဘရန့်ဖို့ဒ်အသင်းဆီ စတင် ရောက်ရှိခဲ့တာဖြစ်ပြီး ၂၀၂၁ခုနှစ်မှာတော့ ဘရန့်ဖို့ဒ်ကို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီပါ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒိန်းမတ်လူမျိုး ဘောလုံးနည်းပြ ဖရန့်က ဘရန့်ဖို့ဒ်မှာ လက်ထောက်နည်းပြအဖြစ် ဆောင်ရွှက်ရင်းကနေ (၂)နှစ်အကြာမှာပဲ အသင်းနည်းပြချုပ် ဖြစ်လာခဲ့ရင်း အသင်းကိုပါ ပရီးမီးယားလိဂ်ဆီ ပို့ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘရန့်ဖို့ဒ်လို အင်္ဂလန် အသင်းငယ်တစ်သင်းကို ပရီးမီးယားလိဂ်မှာ (၃)နှစ်ဆက်တိုက်အထိ တန်းမဆင်းရအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့သလို မနှစ်ကဆိုရင်လည်း အဆင့်(၉)အထိ ရပ်တည်နိုင်အောင်ပါ စွမ်းဆောင်ထားတာမို့လို့ နည်းပြ ဖရန့်ကို ယူနိုက်တက် တာဝန်ရှိသူတွေက အတော်လေး သဘောကျနေကြပါတယ်။