မိုဆာလာ၊ ဆာကာတို့ထက် သာတဲ့ ဂိုးစွမ်းရည် ရှိပေမယ့် မန်ယူ အသင်းဖော်တွေကြောင့် မလှုပ်နိုင်တဲ့ ဟွိုက်လန်း အဖြစ်

မန်ချက်စတာယူနိုက်တက်ဟာ ဒီရာသီမှာ ဂိုးမိုးခေါင်နေပြီး ဂိုးသွင်းဖို့ရုန်းကန်နေရတဲ့ အဓိကအကြောင်းအရင်းမှာ အသင်းရဲ့ အဓိကတိုက်စစ်မှူး ရက်စ်မက်စ်ဟွိုက်လန်းကို ဘောလုံးပေးပို့ဖို့ တွန့်ဆုတ်နေကြတဲ့ အသင်းဖော်တွေကြောင့်ဖြစ်တယ်လို့ ဘောလုံးပညာရှင်တွေက သုံးသပ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ အတ္တလန္တာကနေ အိုးလ်ထရက်ဖို့ဒ်ထံ ပေါင် ၇၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူးဟာ သူ့ရဲ့ ပထမဆုံးပရီးမီးယားလိဂ်ရာသီမှာပဲ ခြေစွမ်းပြဖို့ရုန်းကန်ခဲ့ပြီး စုစုပေါင်း ၁၅ ပွဲ ကစားပြီးမှသာ ပထမဆုံး ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပထမဆုံး ပရီးမီးယားလိဂ်ဂိုးကိုသွင်းယူပြီးနောက်မှာတော့ ဒိန်းမတ်လက်ရွေးစင် ကစားသမားဟာ ဆက်တိုက်ဆိုသလို ဂိုးတွေရလာခဲ့ပြီး ဒီဇင်ဘာ၊ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေမှာ ၆ ပွဲအတွင်း ၇ ဂိုးအထိ သွင်းယူကာ ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။

ထို့နောက်မှာတော့ အသက်-၂၁ နှစ်အရွယ်ကစားသမားဟာ ဒဏ်ရာပြဿနာကြောင့် အနားယူခဲ့ရပြီး လက်ရှိပြန်လည် ကစားနိုင်ချိန်မှာတော့ နောက်ဆုံး ၁၀ ပွဲမှာ ၁ ဂိုးသာ သွင်းယူထားနိုင်ပါတော့တယ်။

ဟွိုက်လန်းရဲ့ ပရီးမီးယားလိဂ်နောက်ဆုံး သွင်းဂိုးဟာ ရှက်ဖီးလ်ယူနိုက်တက်နဲ့ကစားခဲ့တဲ့ ပွဲစဉ်ဖြစ်ပြီး ရှက်ဖီးလ်ဟာ အမှတ်ပေးဇယားရဲ့ အောက်ဆုံးနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ဟွိုက်လန်းအနေနဲ့ အခုလို ဂိုးတွေရဖို့ရုန်းကန်နေရခြင်းမှာ အသင်းဖော်တွေထံမှ ပံ့ပိုးမှုအပြည့်အဝမရတာကြောင့်ဖြစ်တယ်လို့ သုံးသပ်နေကြပြီး ကစားသမားရဲ့ ယူနိုက်တက်အသင်းဖော်တွေဟာ ဂိုးဧရိယာထဲကသူ့ကို ဘောလုံးပေးပို့ဖို့ တွန့်ဆုတ်နေကြတယ် လို့ ယူဆထားကြပါတယ်။

တနင်္ဂနွေနေ့က အာဆင်နယ်ကို ဝ-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ဟွိုက်လန်းဟာ စုစုပေါင်း ၁၄ ကြိမ်သာ ဘောလုံး လက်ခံ ရရှိခဲ့တာကြောင့် ယူနိုက်တက်ကစားသမားတွေ အနေနဲ့ သူ့ကို ဘောလုံးပေးပို့လိုခြင်းမရှိဘူးဆိုတာ ထင်ရှားလာခဲ့ပါတယ်။

အချက်အလက်တွေအရ ဟွိုက်လန်းဟာ နောက်ဆုံး ပရီးမီးယားလိဂ်ပွဲစဉ် ၈ ပွဲမှာ အသင်းဖော်တွေထံမှ အခွင့်အရေးဖန်တီးပေးပို့မှု ၆ ကြိမ်သာရှိခဲ့ပြီး အဆိုပါပမာဏဟာ ယခုလအစောပိုင်းက ဝုဗ်ကို ၅-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ တစ်ပွဲတည်း အခွင့်အရေး ၆ ကြိမ်ရပြီး ၄ ဂိုး သွင်းနိုင်ခဲ့တဲ့ ဟာလန်းနဲ့ နှိုင်းယှဉ်ရင်တော့ အတော်လေးကွာခြားချက်ရှိနေတာလည်းဖြစ်ပါတယ်။

သို့သော်လည်း ဟွိုက်လန်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၈ ဂိုးအထိ သွင်းယူထားနိုင်ပြီး လိဂ်ရဲ့ အသက်-၂၁ နှစ်အောက် ကစားသမားတွေအားလုံးထက် ပိုမိုများပြားတဲ့ပမာဏကို သွင်းယူထားနိုင်ပါတယ်။

ဟွိုက်လန်းဟာ သူ့ရဲ့ စုစုပေါင်း ကန်ချက်တွေထဲက ၂၂ ရာခိုင်နှုန်းကို ဂိုးအဖြစ်ပြောင်းလဲထားနိုင်တာကြောင့် ဒီအချက်ဟာ အာဆင်နယ်တိုက်စစ်မှူ ကိုင်ဟားဗက်ဇ်နဲ့ အက်စတွန်ဗီလာတိုက်စစ်မှူး အိုလီဝက်ကင်းစ်တို့ထက် ပိုမိုသာလွန်တဲ့ စွမ်းဆောင်ရည်ဖြစ်နေပါတယ်။

ဒါ့အပြင် အခွင့်အရေးကို ဂိုးအဖြစ်ပြောင်းလဲနိုင်စွမ်းမှာလည်း ဟွိုက်လန်းဟာ နီကိုလက်စ်ဂျက်ဆန်၊ မိုဟာမက်ဆာလက်၊ ဖီးလ်ဖိုဒန်နဲ့ ဘူကာယို ဆာကာတို့ထက် ပိုမိုသာလွန်နေပါတယ်။