မန်ယူ ပရိသတ်တွေကို လမ်းခွဲနှုတ်ဆက်သွားမှာ မဟုတ်ဘူး ဆိုတဲ့ နည်းပြ တန်ဟက်

လက်ရှိနည်းပြရာထူးနဲ့ ပတ်သက်လို့ မရေရာမှုတွေ ဆက်လက်ဖြစ်ပေါ်နေပေမယ့် အခုရာသီ၊ အိမ်ကွင်းနောက်ဆုံးပွဲစဉ်အပြီးမှာ နည်းပြ တန်ဟက်က မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဆီ နောက်ဆုံး နှုတ်ဆက်တဲ့ Good bye လုပ်ဖို့ အစီအစဉ် မရှိသေးပါဘူး။

ဒီည၊ အိုးထရက်ဖို့ဒ်ကွင်းမှာ နယူးကာဆယ်နဲ့ယှဉ်ပြိုင်ကစားပြီးနောက် ယူနိုက်တက်ပရိသတ်တွေကို ကစားသမားတွေ၊ ဝန်ထမ်းတွေက ကွင်းတွင်းလှည့်လည်ကာ ရာသီပိတ်နှုတ်ဆက်သွားလိမ့်မယ်လို့ တန်ဟက်က အတည်ပြုခဲ့ပါတယ်။

ဒါပေမယ့် အခုနွေရာသီနောက်ပိုင်း ကလပ်အသင်းမှာ ဆက်ရှိနေဖို့ မသေချာသေးတဲ့ ဒတ်ချ်လူမျိုးနည်းပြက ဒီညအစီအစဉ်ဟာ သူ့အတွက် ယူနိုက်တက်နည်းပြဘ၀ အပြီးတိုင်နှုတ်ဆက်မှုဖြစ်လာဖို့ မရှိသေးပါဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အင်္ဂါနေ့၊ သတင်းစာရှင်းလင်းပွဲမှာ တန်ဟက်က “ ကျွန်တော့်အတွက် Good bye လုပ်ဖို့လား? အခုအချိန်မှာ ကျွန်တော်ကိုယ်တိုင် အဲ့ဒီလိုမျိုး ခံစားချက်မရှိသေးသလို အဲ့ဒီလိုရှုမြင်မှုမျိုးလည်း မရှိသေးပါဘူး။ ဒါက ဒီနေ့ညပိုင်း၊ ပရိသတ်တွေဆီ ဂုဏ်ပြုပေးဖို့ အစီအစဉ်စတင်သွားရမယ့် ပုံစံမျိုးမဟုတ်ပါဘူး။

ကောင်းတဲ့အခိုက်အတန့်တွေမှာရော၊ ဆိုးရွားတဲ့အခိုက်အတန့်တွေမှာပါ ကျွန်တော်တို့တွေ အတူတကွရှိနေခဲ့ပြီး ပရိသတ်တွေကလည်း ကျွန်တော်တို့နဲ့ အတူတကွရှိနေတယ်ဆိုတာ ပြသခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ရာသီပိတ်ကွင်းတွင်း လှည့်လည် နှုတ်ဆက်တဲ့ အစီအစဉ်ကိုပဲ လုပ်ဆောင်သွားပါလိမ့်မယ်”လို့ ပြောပါတယ်။

အသင်းပူးတွဲပိုင်ရှင်သစ်ဆာဂျင်ရက်ကလစ်ဖ်ကလည်း တန်ဟက်ရဲ့အနာဂတ်နဲ့ ပတ်သက်လို့ လူသိရှင်ကြား ထုတ်ပြန်ကြေညာတာမျိုး မရှိသေးပေမယ့် မေ ၂၅ ရက်၊ မန်စီးတီးနဲ့ရင်ဆိုင်ရမယ့် အက်ဖ်အေဖလားဗိုလ်လုပွဲအပြီး ဆုံးဖြတ်ချက်တစ်ခု ချမှတ်သွားနိုင်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်သမိုင်းကြောင်းတလျှောက် အဆိုးရွားဆုံးရာသီပိတ်ကာလကို ဖြတ်သန်းရဖို့ ရှိနေချိန်မှာပဲ အသက်-၅၄ နှစ်အရွယ် နည်းပြက သူ့ရဲ့နောက်မှာ အသင်းပရိသတ်အများစု ရပ်တည်ပေးနေတယ်လို့ ယုံကြည်နေပြန်ပါတယ်။

တန်ဟက်က “အမှန်တကယ်ကို အဲ့ဒီအတိုင်းပဲ ယုံကြည်နေပါတယ်။ အဝေးကွင်းပဲဖြစ်ဖြစ်၊ အိမ်ကွင်းပဲဖြစ်ဖြစ် ကွင်းတွင်းမှာ ပရိသတ်တွေက အသင်းနဲ့ ကျွန်တော့်ကို အမြဲတမ်းအားပေးထောက်ခံခဲ့ပါတယ်။ ကျွန်တော် လမ်းလျှောက်ထွက်ချိန်မှာလည်း လူတွေအများကြီး ကျွန်တော့်ဆီ လာနှုတ်ဆက်လေ့ရှိပါတယ်။

ဒါက ယဉ်ကျေးမှုရှိတာမျိုး ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော့်ကို ရာထူး မှနုတ်ထွက်သွားစေချင်တယ်ဆိုတဲ့ ခံစားချက်မျိုးတော့ မဖြစ်လာစေပါဘူး။ ကျွန်တော်တို့ ရောက်ရှိနေတဲ့နေရာကို ပရိသတ်တွေ နားလည်ပေးထားလို့ အနုတ်သဘောဆောင်တဲ့ တုံ့ပြန်မှုတစ်ခု ကျွန်တော် ဘယ်တုန်းကမှ မရရှိခဲ့ပါဘူး။

အသင်းပရိသတ်တွေကိုယ်တိုင်က အသင်းဟာ အသွင်ကူးပြောင်းမှုလုပ်ငန်းစဉ်ထဲမှာ ရောက်ရှိနေပြီး အထူးသဖြင့် အဓိကကျတဲ့ဧရိယာတွေမှာ ကြုံတွေ့ခဲ့ရတဲ့ ပြဿနာတွေကိုလည်း နားလည်ပေးထားပါတယ်”လို့ ဆက်ပြောပါတယ်။