ပြိုင်ငြင်းသူတိုင်းကို လနဲ့ချီ စကားမပြောဘဲ စိတ်ကောက်တဲ့ သရဲနီဟောင်း အသင်းဖော်အကြောင်း ရွန်းနီ ဖွင့်ချ

မန်ယူအသင်း တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီကတော့ ၎င်းရဲ့ ကစားသမားဘဝ အမှတ်တရတွေကို ပြန်လည် ပြောပြသွားခဲ့သလို အသင်းဖော်ဟောင်း ဂစ်နဲ့ ၆ လ လောက် စကားပြောဆိုခြင်း မရှိခဲ့တဲ့ အခြားအသင်းဖော်ဟောင်း အကြောင်းကို ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

အသက် ၃၈ နှစ်အရွယ်ရှိ ရွန်းနီဟာ မန်ယူအသင်းနဲ့ ၁၃ နှစ်ကြာ ဖြတ်သန်းခဲ့ဖူးသူ တစ်ယောက်ဖြစ်ပြီး ၎င်းရဲ့ ချာတိတ်ဘဝ မန်ယူ ကစားသမားဘဝတုန်းက ဒိတ်ဒိတ်ကြဲ စီနီယာ ကစားသမားတွေနဲ့ တွဲဖက် ကစားခဲ့ရဖူးပါတယ်။

ရွန်းနီက “ အဝတ်လဲခန်းထဲမှာဆိုရင်တော့ ဗီဒစ်က အိမ်မက်ဆိုးတစ်ခုလိုပါပဲ၊ သူက တစ်ယောက်ယောက်နဲ့ ငြင်းရခုံရဖြစ်ပြီဆိုရင် စကားလုံးဝ မပြောတော့ပါဘူး၊ ဂစ်ကိုလည်း သူ ခြောက်လလောက် စကားလုံးဝ မပြောခဲ့ဖူးပါဘူး၊ အီဗရာကိုလည်း လအတန်ကြာ သူစကား မပြောခဲ့ပါဘူး။

ကျွန်တော်နဲ့လည်း သူ နည်းနည်း ကတောက်ကဆ ဖြစ်ခဲ့ဖူးပါတယ်၊ အဲ့တုန်းက ကျွန်တော်က စပြီး စကားရော ဖောရော လုပ်ခဲ့လို့သာ သူ အရင်လို ကျွန်တော့်ကို ပြန်ပေါင်းခဲ့တာပါ၊ ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

ရွန်းနီဟာ မန်ယူအသင်းနဲ့ ၁၃ နှစ်ကြာ ပူးပေါင်းခဲ့ဖူးသလို ဗီဒစ်ကလည်း ၉ နှစ်ကြာ ပူးပေါင်းခဲ့ဖူးပြီး မန်ယူအသင်းအတွက် ဆုဖလားပေါင်း ၁၅ လုံးအထိ ရယူပေးခဲ့ကာ စပါးတပ်စ် မော်စကို အသင်းထံ ပြောင်းရွှေ့သွားခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။