ချန်ပီယံလိဂ်မှာ မန်ယူအသင်း ပြန်ဗိုလ်စွဲဖို့ဆို ဘယ်နှနှစ်လောက် အချိန်ယူရဦးမလဲ ဝိန်းရွန်းနီ သုံးသပ် ထောက်ပြ
မန်ယူဂန္ထဝင်တိုက်စစ်မှုးဟောင်းဝိန်းရွန်နီဟာ သူ့အသင်းဟောင်းရဲ့လူစာရင်းနဲ့ပတ်သက်လို့ အရှိအတိုင်း သုံးသပ်လိုက်ပြီး ကလပ်အနေနဲ့ အများစုကို ရောင်းထုတ်သင့်ကြောင်းယုံကြည်နေပါတယ်။
မန်ယူ တိုက်စစ်မှုးဟောင်းကြီး ရွန်းနီက ယူနိုက်တက်ရဲ့လက်ရှိလူစာရင်းနဲ့ပတ်သက်လို့ မညှာမတာ ဝေဖန် သုံးသပ် ထောက်ပြခဲ့ပါတယ်။

ရွန်းနီက ဘရူနို ဖာနန်ဒက်စ် ကို အခြေတည်ပြီး အသင်းကို ပြန်တည်ဆောက်ဖို့၊ ကျန်တဲ့သူတွေ ရှင်းထုတ်ဖို့ အကြံပေးခဲ့ပါတယ်။ ဒါ့အပြင် မန်ယူအနေနဲ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲနိုင်ဖို့ဆို ၁၅ နှစ်လောက် အချိန်ယူရနိုင်ကြောင်း သတိပေးခဲ့ပါတယ်။
”မန်စီးတီးကို ကြည့်လိုက်၊ သူတို့ပိုင်ရှင်သစ်တွေ ရောက်လာချိန်ကနေ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ၁၅ နှစ်အချိန်ယူခဲ့ရတယ်။ မန်ယူလည်း အဲဒီအတိုင်းပါပဲ”လို့ ရွန်းနီက ပြောကြားခဲ့တာပါ။
ပူးတွဲပိုင်ရှင်သစ် ဆာဂျင်ရက်ကလစ်လက်ထက် နွေရာသီ မန်ယူမှာ အပြောင်းအလဲများစွာကို မြင်ရဖို့ ရှိနေပါတယ်။
အခုနှစ် ပရီမီးယားလိဂ်ရာသီရဲ့ အိမ်ကွင်းနောက်ဆုံးပွဲဖြစ်တဲ့ နယူးကာဆယ်နဲ့ပွဲမှာ တိုက်စစ်မှုးမာရှယ်နဲ့ နောက်ခံလူ ဗာရန်းတို့ဟာ အသင်းပရိသတ်တွေကို နောက်ဆုံး နှုတ်ဆက်ခဲ့ကြပါတယ်။
မန်ယူဟာ အသင်းသမိုင်းတစ်လျှောက် အဆိုးဆုံးရာသီတွေထဲက တစ်ခုနဲ့ ကြုံတွေ့ခဲ့ရပြီး သမိုင်းတလျောက် အနိမ့်ဆုံး အဆင့် အဖြစ် အဆင့် ၈ နဲ့ ရာသီ သိမ်းခဲ့ရပါတယ်။
မန်ချက်စတာ ယူနိုက်တက်ရဲ့ ဘောလုံးရာသီကတော့ မပြီးဆုံးသေးဘဲ အက်ဖ်အေ ဖလားမှာ မန်စီးတီးနဲ့ ယှဉ်ပြိုင် ဖလား လုရဦးမှာ ဖြစ်ပါတယ်။