VAR ဖျက်သိမ်းဖို့ မဲပေးကြတော့မယ့် ကိစ္စမှာ မက်ဂွိုင်းယား က ဘယ်လို သဘောထား ရှိနေသလဲ ဖော်ထုတ်
လာမယ့် ဘောလုံးရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ VAR စနစ်ကို လုံး၀ ဖျက်သိမ်းပစ်ဖို့အတွက် ပရီးမီးယားလိဂ် ကလပ် အသင်းတွေက ဆန္ဒပြု မဲပေးကြမယ့် အစီအစဉ်ကို လာမယ့် လကျရင် အစည်းအဝေးမှာ စုစုစည်းစည်းနဲ့ တောင်းဆိုဖို့ စီစဉ်နေကြပါတယ်။
မန်ချက်စတာ ယူနိုက်တက် ဝါရင့် နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားကတော့ VAR စနစ်နဲ့ ပတ်သက်လို့ မတူ ကွဲပြားတဲ့ အမြင်မျိုးရှိနေပြီး လူကျွံဘော သတ်မှတ်တဲ့ နေရာမှာတော့ သုံးသင့်တယ်လို့ မှတ်ချက်ပေးပါတယ်။

ဘောလုံးအား ကစားနည်းနဲ့ပတ်သက်ပြီး အမှားအယွင်း လုံးဝမရှိဘဲ တိကျတဲ့ ဆုံးဖြတ်ချက်မျိုးတွေ ထွက်လာအောင် VAR စနစ်ကို အသက်သွင်းခဲ့တာဖြစ်ပေမဲ့လည်း နည်းပညာပိုင်းဆိုင်ရာ အားနည်းချက်ကြောင့် ဒီရာသီမှာ ရသင့်တဲ့ဂိုးတွေ မရခဲ့သလို ပေးသင့်တဲ့ ဂိုးတွေလည်း မပေးခဲ့တာမျိုးတွေ ရှိခဲ့တာကို တွေ့ရပြီးဖြစ်ပါတယ်။
VAR စနစ်ကို လုံးလုံးလျားလျား ဖျက်သိမ်းပစ်ဖို့ဆိုရင် ပရီးမီးယားလိဂ် အသင်း ၂၀ ထဲက အနည်းဆုံး ၁၄ သင်းက ထောက်ခံပေးဖို့လည်း လိုအပ်ပါတယ်။
ဒီနေရာမှာ အင်္ဂလန် နောက်ခံလူ မက်ဂွိုင်းယားက တော့ လာမယ့် ဇွန်လ ၆ ရက်နေ့မှာ လုပ်မယ့် ဆန္ဒပြုပွဲနဲ့ ပတ်သက်ပြီး ပထမဆုံး စကား ပြောလာပြီဖြစ်ပါတယ်။
” ဒါက မတူကွဲပြားတဲ့ အမြင်တွေ ရှိလာတော့မယ်လို့ ကျွန်တော် မြင်တယ်။ လူ တော်တော်များများကတော့ ဒါကို ဆက်ပြီးသုံးဖို့ ဆန္ဒရှိကြမှာပါပဲ။
မျှမျှတတ ပြောရမယ်ဆိုရင် လက်ရှိအချိန်မှာ လူပြောများတာက အဲဒီဟာကို ဖျက်ပစ်ဖို့ပါပဲ။ ပိုပြီး ကောင်းလာအောင် လုပ်ပြနေစရာမှ မလိုတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
လာမယ့် ရာသီကျရင် အလိုအလျောက် လူကျွံဘော သတ်မှတ်တဲ့စနစ်လည်း ရှိလာမယ်။ အဲဒါက လည်း တိုးတက်မှုရှိလာပါလိမ့်မယ်။ အဲဒါက ပိုပြီး မြန်သွားအောင် လုပ်ပေးလိမ့်မယ်။
ကျွန်တော့်အမြင့်အရ ပြောရရင်တော့ VAR ကို လူကျွံဘော ဆုံးဖြတ်တဲ့ နေရာတစ်ခုတည်း မှာပဲ ဆက်ပြီး သုံးမယ်။ ကျန်တဲ့ ကိစ္စတွေအပေါ်မှာ ထင်မြင်ယူဆချက်ကို အခြေခံပြီး ဆုံးဖြတ်တဲ့အရာတွေကိုတော့ ဖျက်သိမ်းပစ်မယ်။
လူကျွံဘောဆိုတာကတော့ အမှန်အတိုင်း လုပ်ရတဲ့ဟာဖြစ်ပြီး ဘက်လိုက်လို့ မရဘူးလေ။ ကစားသမား တစ်ယောက်က ၂ ကိုက်၊ သုံးကိုက်လောက် လူကျွံနေတဲ့ ဘောလုံးကို
ဂိုးသွင်းပြီး အရှုံးပေးရတာလောက် ခံရခက်တာ မရှိပါဘူး။ လူတိုင်းက အမှားလုပ်မိကြပါတယ်။ စည်းကြပ်ဒိုင်လည်း လုပ်တယ်။ ဒါကြောင့် ကျွန်တော်ကတော့ ဒီကိစ္စအတွက် VAR ကို ဆက်ထားချင်တယ် ” လို့ မက်ဂွိုင်း ယားက ပြောပါတယ်။